မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၊ မန်းတောင်ခြေဘိုးဘွားရိပ်သာနှင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဩဂုတ် ၂၃

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဒေါက်တာသန်းမြင့် တို့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းနှင့် မန်းတောင်ခြေဘိုးဘွား ရိပ်သာများသို့လည်းကောင်း၊ ယနေ့တွင် မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ သင်တန်းကျောင်းများအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိမှု၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ အကျင့်စာရိတ္တ ပြုပြင်ပေး ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေ‌ရေး၊ လူမှုဘဝရပ်တည်လာစေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် လူ့အသိုင်းအဝိုင်းတွင် တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်စေရေးနှင့် ပညာသင်ကြားခွင့်၊ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မန်းတောင်ခြေဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုနှင့် ဘိုးဘွားအိပ်ဆောင်များနှင့် ဘိုးဘွားများအနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)