မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ပေါင်းတည်အချုပ်ထောင်နှင့် ပြည်အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁
    
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် အဖွဲ့သည် မေ ၃၀ ရက် တွင် ပေါင်းတည်အချုပ်ထောင်နှင့် ပေါင်းတည် မြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း၊ ယနေ့တွင် ပြည်အကျဉ်းထောင်နှင့် ပြည်မြို့ အမှတ် (၁) နယ်မြေရဲစခန်း အချုပ်ကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
    
ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက် သော အသုံးအဆောင် ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စသည်တို့ကို  မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
    
အကျဉ်းထောင်နှင့် အချုပ်ထောင်များကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်း သူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 
    
ယင်းနောက် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ လေ့လာဖတ်ရှုရန်အတွက်  ပေါင်းတည် အချုပ်ထောင်နှင့် ပြည်အကျဉ်းထောင်တို့ကို ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် စာသားများ ပါရှိသော မှတ်စုစာအုပ် (၅၀၀) နှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ (၃၀၀) တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံများမှ လက်ခံရယူခဲ့သည်။
    
ကော်မရှင်အဖွဲ့ဝင်၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)