ရန်ကုန် ဇူလိုင် ၁၀

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအမွေအနှစ် ဥယျာဉ်များအချင်းချင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အင်ဒိုနီးရှားနိုင်ငံ Medan မြို့ ဆူမားတြားကျွန်းရှိ Gunung Leuser National Park-GLNP ဥယျာဉ်သို့ သစ်တောဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ ဇွန် ၂၄ ရက်က လေ့လာရေးခရီးစဉ်အဖြစ် ၄ ရက်တာ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Center for Biodiversity – ACB) သည် အာဆီယံဒေသအတွင်းရှိ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ အာဆီယံ အမွေအနှစ် ဥယျာဉ်များအတွင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် အာဆီယံအမွေအနှစ်ဥယျာဉ်များ အနီးဝန်းကျင်ရှိ ဒေသခံများပူးပေါင်းဆောင်ရွက်သော စီမံကိန်းများအဖြစ် ACB-SGP အစီအစဉ်ဖြင့် ရန်ပုံငွေများ‌ ထောက်ပံ့လျက်ရှိရာ မြန်မာနိုင်ငံမှ လေ့လာရေးအဖွဲ့သည်လည်း ACB ၏ထောက်ပံ့မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ပေါကြွယ်ဝမှုကို အာဆီယံဒေသတွင်း နိုင်ငံများအကြား ပိုမိုသိရှိလာစေရန်၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအမွေအနှစ်ဥယျာဉ်တို့တွင် အုပ်ချုပ်လုပ်ကိုင်မှု စီမံရေးစနစ်များ၊ အဆိုပါ ဥယျာဉ်တွင် တရားဥပဒေစိုးမိုးရေးနှင့် Smart နည်းစနစ်ကို ပိုမိုထိရောက်စွာ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အာဆီယံအမွေ အနှစ်ဥယျာဉ် အဆိုပြုတင်ပြခြင်း၊ တည်ထောင်သတ်မှတ်ခြင်း၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းမှုများနှင့် အားသာချက်၊ အားနည်းချက်တို့ကို အပြန်အလှန် နှီးနှောဖလှယ်နိုင်ရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် လေ့လာရေးခရီးစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

လေ့လာရေးအဖွဲ့အနေဖြင့် ဆူမားတြားကျွန်းမြောက်ပိုင်းရှိ ကမ္ဘာပေါ်တွင် အကြီးဆုံးမိုးသစ်တောအတွင်း ကျက်စားလျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ထားပြီး စောင့်ကြည့်လေ့လာခြင်းနှင့် UDIK နည်းပညာဖြင့် သုတေသနဆောင်ရွက်မှု၊ ဒေသခံများပါဝင်သော ကြားခံနယ်‌မြေသစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ ပညာပေးခြင်းနှင့် ရေရှည်တည်တံ့သော သဘာဝအခြေခံခရီးသွားလုပ်ငန်း တိုးတက်ရန် ဒေသခံများ၊ အမျိုးသားဥယျာဉ်ဝန်ထမ်းများနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသာဥယျာဉ်ပတ်ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးများ၊ လူငယ်များအား ACB-SGP အစီအစဉ်ဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေရအခွင့်အလမ်းများ ဖော်ထုတ်ခြင်းဖြင့် အမျိုးသားဥယျာဉ်များအပေါ် မှီခိုမှုလျော့ပါးလာစေပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ခြင်း စသည်တို့ကို လေ့လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ် ဥယျာဉ်များ တွင် ACB-SGP အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော တရားဥပဒေစိုးမိုးရေးလုပ်ငန်း၊ ကြားခံနယ်မြေအတွင်း ဒေသခံပြည်သူအခြေပြု သဘာဝအခြေခံခရီးသွား အကောင်အထည်ဖော်ခြင်းလုပ်ငန်း၊ အော်ဂဲနစ်လယ်ယာ ဖော်ဆောင်ရေးလုပ်ငန်း၊ ကြားခံနယ်မြေအတွင်း ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းလုပ်ငန်းနှင့် ဘေးမဲ့တောပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်းတို့နှင့် စပ်လျဉ်း၍ မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Gunung Leuser National Park - GLNP အာဆီယံအမွေအနှစ်ဥယျာဉ်သည် အပူပိုင်းမိုးသစ်တော ဟက်တာတစ်သန်းကျော်ကို ထိန်းသိမ်းကာကွယ်ထားသည့် အမျိုးသားဥယျာဉ်တစ်ခုဖြစ်ပြီး ဆူမားတြားကျား၊ ကြံ့၊ မျောက်ဝံနှင့် ဆင်မျိုးစိတ်အပါအဝင် နို့တိုက်သတ္တဝါ ၁၄၇ မျိုး၊ ငှက်မျိုးစိတ် ၃၈၀ တို့ ကျက်စားလျက်ရှိသည်။ ဆူမားတြား ကျားမျိုးစိတ်သည် ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀၀ ခန့်ရှိရာ ထိုဥယျာဉ်တွင် ကောင်ရေ ၂၀၀ ခန့် ကျက်စားလျက်ရှိပြီး ကမ္ဘာပေါ်ရှိ ကြံ့မျိုးစိတ် ငါးမျိုး၌ ဆူမားတြားကြံ့မျိုးစိတ်မှာ အငယ်ဆုံးမျိုးစိတ်ဖြစ်ရာ ကမ္ဘာပေါ်တွင် ကောင်ရေ ၃၀၀ ခန့်ရှိ၍ ထိုဥယျာဉ်တွင် ၃၅ ကောင်ခန့် ကျက်စားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် သစ်ပင်များပေါ်၌ ကျက်စားလေ့ရှိသည့် မျောက်ဝံမျိူးစိတ်တွင် အကြီးဆုံးမျိုးစိတ်ဖြစ်သည့် Orangutans မျိုးစိတ်သည် သက်တမ်း နှစ် ၅၀ ခန့် ရှင်သန်ပြီး ထိုဥယျဉ်တွင် ကောင်ရေ ၆၆၀၀ ကျော် နေထိုင်ကျက်စားလျက်ရှိကာ အဆိုပါ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ် ရှစ်ခုရှိပြီး မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ပုပ္ပါးတောင်ဥယျာဉ်တို့အား အာဆီယံအမွေအနှစ်ဥယျာဉ်များအဖြစ် အဆိုပြုထားကာ အာဆီယံ အမွေအနှစ်ဥယျာဉ်များအချင်းချင်း ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ASEAN Center for Biodiversity – ACB နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်ပုံ - (MNP)

ညိမ်းသူ(သတင်းစဉ်)