မြန်မာနိုင်ငံအတွင်းသို့ ဧပြီလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်များ ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်မှု ယခုနှစ်တွင် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့

နေပြည်တော် ၂ ဇန်နဝါရီ

 

 

မြန်မာနိုင်ငံ အတွင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ရေကြောင်းတို့မှလည်းကောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ပေါက် များမှလည်းကောင်း ပြည်ဝင်ဗီဇာ (ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ (လုပ်ငန်း) တို့ဖြင့် ဝင်ရောက်လျက်ရှိရာ ၂၀၁၆ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ လေကြောင်းခရီးဖြင့် လာရောက်သူပေါင်း (၁၀၈၁၈၈၉) ဦး၊ ရေကြောင်းဖြင့် လာရောက်သူပေါင်း (၉၃၉၄)ဦးနှင့် နယ်စပ်ဝင်ပေါက်များမှ အတွင်းပိုင်းအထိ ဝင်ရောက်သူ (၄၃၄၃၀)ဦး ရှိခဲ့ပြီး ဗီဇာဖြင့် လာရောက်လာသူ စုစုပေါင်း(၁၁၃၄၇၁၃)ဦး ရှိခဲ့ကြောင်း သိရသည်။

 

 

၂၀၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ လေကြောင်းခရီးဖြင့် လာရောက်သူ (၁၁၇၈၅၉၂)ဦး၊  ရေကြောင်းဖြင့် လာရောက်သူ(၆၈၄၉)ဦးနှင့် နယ်စပ်ဝင်ပေါက်များမှ အတွင်းပိုင်းအထိ ဝင်ရောက်သူ (၃၅၈၃၈)ဦး စုစုပေါင်း ဗီဇာဖြင့် ဝင်ရောက်သူ (၁၂၂၁၂၇၉) ဦးရှိခဲ့၍ ယခင်နှစ် နိုဝင်ဘာလအထိနှင့် ယခုနှစ် နိုဝင်ဘာလအထိ ဗီဇာဖြင့် ပြည်ပဧည့်သည် ဝင်ရောက်မှုမှာ (၈)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

 

 

ထို့အပြင် နယ်စပ် ဝင်ပေါက်များမှ ဝင်ထွက်သွားလာသူများ အနေဖြင့်  ၂၀၁၆ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ (၁၄၈၁၀၃၀) ဦး၊ ၂၀၁၇ ခုနှစ် တွင် ဧပြီလမှ နိုဝင်ဘာလအထိ (၁၉၀၅၁၇၁) ဦး ရှိခဲ့သည်။

 

 

သို့ပါ၍ မြန်မာနိုင်ငံသို့ ပြည်ပဧည့်ဝင်ရောက်မှု အနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိမှ (၂၆၁၅၇၄၃) ဦးနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိမှ (၃၁၂၆၄၅၀) ဦး ရှိခဲ့ရာ အားလုံးဝင်ရောက်မှု အနေဖြင့် (၂၀) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ 

 

 

ညီညီသန်း(နေပြည်တော်)