မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ဘုန်းမြင့်ကျော် (ခ) အားတီအား  ဆုကြေးငွေ ကျပ် (၁၅) သိန်း ချီးမြှင့်

ရန်ကုန် ၁  မေ 

 

မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန် (Chao Yang) မြို့၌ ဧပြီ ၁၈ ရက်မှ စတင်ကျင်းပလျက်ရှိသော Chinese 8 Ball ပြိုင်ပွဲကြီးတွင် နှစ်ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီအား နိုင်ပွဲများရရှိခဲ့သည့်အတွက် ဂုဏ်ပြုဆုငွေ ကျပ် ၁၅သိန်း (အမေရိကန်ဒေါ်လာ ၁၀၀၀) နှင့် ဝမ်းမြောက်ဂုဏ်ပြုလွှာ ပေးပို့ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ ချောင်ရန် (Chao Yang) မြို့၌ဧပြီလ ၁၈ ရက်မှ စတင်ကျင်းပလျက်ရှိသော Chinese 8 Ball ပြိုင်ပွဲကြီးတွင် ထိပ်တန်းကစားရှစ်ဦး၌ ရွေးချယ်ခံရသည့်အတွက် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ အထူးဝမ်းမြောက်ကြောင်း၊ ယင်းပြိုင်ပွဲကြီး၌ ပွဲဦးထွက်နှစ်ပွဲအား ထိုက်ထိုက်တန်တန် ဆက်တိုက် အနိုင်ရရှိခဲ့သည့် အောင်မြင်မှုများအတွက် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ ဝမ်းမြောက်ဂုဏ်ယူမှုအဖြစ် ဆုကြေးငွေ ကျပ် ၁၅ သိန်း (အမေရိကန်ဒေါ်လာ ၁၀၀၀) ချီးမြှင့်လိုက်‌ကြောင်း သိရသည်။

 

ဘုန်းမြင့်ကျော် (ခ) အားတီသည် ဧပြီ ၂၈ ရက် ကစားသော ပွဲဦးထွက်ပွဲစဉ်၌ ၂၀၁၈ ကမ္ဘာ့ချန်ပီယံဟောင်း Yu Hai Tao ကို ၂၁ ပွဲ ၁၇ ပွဲဖြင့်လည်းကောင်း၊ ဧပြီ ၂၉ ရက်က ကစားသော ဒုတိယမြောက်ပွဲစဉ်၌ အိုးပင်းချန်ပီယံဟောင်း Li Bo အား ၂၁ ပွဲ ၁၇ ပွဲဖြင့်လည်းကောင်း ထိုက်ထိုက်တန်တန် နှစ်ပွဲဆက် အနိုင်ရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

 

ဘုန်းမြင့်ကျော် (ခ) အားတီသည်  လက်ကျန်ငါးပွဲကို မေအတွင်း အပြတ်ထိုးရမည်ဖြစ်ရာ မေ ၃ ရက်တွင် Liu Hai Tao ၊ မေ ၅ ရက်တွင် Zheng Yu Bo ၊ မေ ၁၅ ရက်တွင် Yang Fan ၊ မေ ၁၆ ရက်တွင် Wu Zheng Yu ၊ မေ  ၃၁ ရက်တွင် Chu Bing Jie  တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အေကေလင်း