မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

ရန်ကုန်  နိုဝင်ဘာ  ၂၈

မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က မြန်မာနိုင်ငံ စာရင်းကောင်စီကို ၁၉၇၂ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်နှင့် စာရင်း ကျွမ်းကျင်သူများ တိုးပွားလာစေရန်၊ စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး  ဖွဲ့စည်း ခဲ့သည်မှာ ၂၀၂၂ ခုနှစ် တွင် နှစ်(၅၀)ပြည့်ပြီဖြစ်ပြီး မကြာမီ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ်အခမ်းအနားကို  ကျင်းပသွားမည်ဖြစ်ပါကြောင်း။ 
ပုဂ္ဂလိကကဏ္ဍရှိ စာရင်းလုပ်ငန်း ဆောင်ရွက်သူများနှင့် စာရင်းပညာရှင်များ လိုက်နာ ရမည့်ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊ ထိန်းကျောင်းခြင်းနှင့် လမ်းညွှန်ခြင်းများအပြင် အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား နိုင်ငံ တကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards-IFRS) ကို လိုက်နာကျင့်သုံးနိုင်စေရန် အတွက်လည်း လိုအပ်သည်များ ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း။ 

ထို့ပြင် ကောင်စီသည် စာရင်းကိုင်များအပေါ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကြီးကြပ်ထိန်းကျောင်းခြင်းနှင့် လိုအပ်ပါက အရေးယူဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပတ်သက် ဆက်နွယ်သော အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ကောင်စီအမှုဆောင်များအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါ လုပ်ငန်း တာဝန်များနှင့်အညီ နိုင်ငံ၏စီးပွားရေးနှင့် စီမံခန့်ခွဲရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။  

ယင်းနောက် ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှု၊  ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းဆောင် ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ အစီအစဉ်အတိုင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်