mdn

မြန်မာနိုင်ငံဆီစက်ပိုင်များအသင်း အများပိုင်ကုမ္ပဏီထူထောင်မည်

မန္တလေး ၁၄ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ဆီစက်ပိုင်များ အသင်းအနေဖြင့် မကြာမီအချိန်မှာ အများပိုင်ကုမ္ပဏီ ထူထောင်မှာဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်များအသင်း ဒုတိယဥက္ကဌထံမှ သိရသည်။

 

“အများပိုင်ကုမ္ပဏီစတင်ပြီး မူကြမ်းများ စတင်ရေးစွဲနေပြီဖြစ်ပါတယ်။ မူကြမ်းကို မြန်မာနိုင်ငံ ဆီစက်ပိုင်များ အသင်းရဲ့ CEC EC အဖွဲ့ဝင် အနည်းဆုံး လူဦးရေ ၇ ဦးနဲ့ စတင်ဖွဲ့စည်းပါမယ်။ ကျသင့်ငွေ သန်း ၅၀ဝ၀ မတည်ရင်းနှီးငွေနဲ့ စတင်မှာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်များအသင်း ဒုတိယဥက္ကဌ ဦးအောင်ကျော်ကျော်မှ ပြောသည်။

 

မြန်မာနိုင်ငံရှိ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် JICA (Japan International Cooperation Agency) အကူအညီဖြင့် နိုင်ငံတော်မှ ချေးငွေ ကျပ် ၂၅ ဘီလီယံ ချေးပေးမည်ဖြစ်သည့်အတွက် ယခုလို အများပိုင် ကုမ္ပဏီထူထောင်ပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

 

“မြန်မာနိုင်ငံ ဆီစက်ပိုင်များအသင်းအနေနဲ့ NGO အသင်းဖြစ်တဲ့အတွက် စီးပွာရေးလုပ်ငန်းရှိပြီး အများပိုင် ကုမ္ပဏီတည်ထောင်ပြီးမှသာ နိုင်ငံတော်က ချေးပေးမယ့်ငွေကို စနစ်တကျသုံးစွဲလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ အသင်းအနေအထားနဲ့ လုပ်လို့မရတော့ အသင်းဝင်တွေ ပါဝင်ပြီး ဆောင်ရွက်နိုင်ရန် အစီစဉ်တွေ လုပ်နိုင်တာဖြစ်ပါတယ်” ဟု မန္တလေးခရိုင် ဆီစက်ပိုင်များအသင်း ဥက္ကဌ ဦးဆန်းထွန်းလွင်မှ ရှင်းပြသည်။

 

အများပိုင်ကုမ္ပဏီတွင် ငွေကျပ်သိန်း ၃၀ဝ၊ သိန်း ၃၀ဝ နှင့်အထက် ထည့်ဝင်သည့်ပုဂ္ဂိုလ်က ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ဝင်ရောက် ရွေးပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါရိုက်တာအဖွဲ့တွင် အဖွဲ့ဝင် ၁၇ဦး ပါဝင်ရန် လျာထားပြီး အဖွဲ့ဝင်အရေအတွက် ကျော်လွန်ပါက အများဆန္ဒဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

 

ဒါရိုက်တာအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသား ဆီစက်ပိုင်များဖြစ်ရမည်ဖြစ်ပြီး၊ လက်ရှိမှာလည်း ဆီစက်လုပ်ငန်း လုပ်ကိုင်နေသူ၊ အသင်းမှချမှတ်သည့် စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည် ဖြစ်ကြောင်းသိရသည်။ အများပိုင်ကုမ္ပဏီကို မကြာမီအချိန်တွင် ဖွဲ့စည်းမည်ဖြစ်ပြီး ဆီထွက်သီးနှံ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ချေးငွေကဏ္ဍများဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက် သွားမည်ဟုသိရသည်။

 

အိမို့မို့ခိုင်