မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှတသော ရည်ညွှန်ဈေးဖြင့်ဆန်များ ရောင်းချပေးမည်

ရန်ကုန်၊ ဇွန်၂၃

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများ ပူးပေါင်း၍ ဇွန် ၂၄ ရက်မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများကို သင့်တင့်မျှတသော ရည်ညွှန်ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲထိ ရန်ကုန်မြို့ ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာ၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၃၅၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းတစ်အိတ်ကို ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထတစ်အိတ် ကို ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့ပြင် ပေါ်ဆန်းဆန် တစ်ပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ် နဲ့ ပေါ်ဆန်းဆန် ၅ ပြည်တစ်အိတ်ကို ၂၅၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စားသုံးသူပြည်သူများအတွက် ရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းဆန်တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူ၊ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူတစ်ယောက်၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

 အာကာလင်း