မြန်မာနိုင်ငံ၏ ဘူမိအနေအထား ကန့်လန့်ဖြတ်ရေးဆွဲထားသည့် ဘူမိဖြတ်ပိုင်းပုံ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတွင်ဖွင့်လှစ်

မန္တလေး ၂၈ ဒီဇင်ဘာ 

 

မြန်မာနိုင်ငံတွင် တွေ့ရသည့် ကျောက်များ၏ ဘူမိသက်တမ်းအမျိုးမျိုးကို ကျောက်သားအစစ်၊ ကျောက်ယူနစ်များဖြင့် ဘူမိအနေအထားများကို အသုံးပြုပုံဖော်ထားပြီး ကွင်းဆင်းတွေ့ရှိချက်များ၊ လက်တွေ့သုတေသန လုပ်ဆောင်တွေ့ရှိချက်များ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ သက်တမ်းတွက်ချက်မှုများ စသည့် ပြည်တွင်းပြည်ပ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံထားပြီး မြန်မာနိုင်ငံ၏ ဘူမိဗေဒ အနေအထားကို မြင်နိုင်ရန် မြန်မာနိုင်ငံအလယ်ပိုင်း လတ္တီတွဒ် ၂၁ ဒီဂရီ N မှကန့်လန်ဖြတ် ရေးဆွဲထားသော ဘူမိဗေဒ ဖြတ်ပိုင်းပုံ ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတွင် ကျင်းပရာ ဘူမိဗဒ ကျောင်းသား ကျောင်းသူဟောင်းများ တက်ရောက်အားပေးကြသည်။ အခမ်းအနားတွင် ဘူမိဗေဒ ကျောက်ဥယျာဉ် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် (ငြိမ်း)  ဒေါက်တာ မြင့်သိန်းက မြန်မာနိုင်ငံ၏ ဘူမိဗေဒအနေအထား ဘူမိဖြတ်ပိုင်းပုံ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး ဘူမိဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ သန်းသန်းနုက ကျေးဇူးတင်စကားပြောကြားကာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယနေ့ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ဘူမိဗေဒ အနေအထားကန့်လန့်ဖြတ် ရေးဆွဲထားသည့်ပုံသည် လွှာတွန့်ချိုင့်၊ လွှာတွန့်ခုံး၊ ပြတ်ရွေ့များကို ကွင်းဆင်းလေ့လာရာတွင် တွေ့ရှိရသည့်အတိုင်း ဒေသအသီသီးမှ ကျောက်သားအစစ်များဖြင့် ကပ်၍ ဖြတ်ပိုင်းပုံဖော်ထားရာ ဘူမိဗေဒ ကျောင်းသား  ကျောင်းသူများအတွက် သင်ထောက်ကူအဖြစ် အသုံးပြုနိုင်သည်။ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရှိ ကျောက်များတစ်စုတည်း တွေ့နိုင်သည့် ကျောက်ဥယျာဉ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၉ ရက်က ကျောက်ရေတံခွန်ကို လည်းကောင်း ဖွင့်လှစ်ပေးခဲ့သည်။ 

 

မောင်ပြည်သူ(မန္တလေး)