မြန်မာနိုင်ငံ၏ ပထမဦးဆုံး နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ် 

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင် မယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။ 

 

mdn

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာအတွင်း လှည့်လည်ပြီး  နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှင့် အခြားသော ကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာ အသုံးချနိုင်မည့် အသိပညာ ပေးထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလေ့လာကြည့်ရှုရာ ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြကွက်အလိုက်တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။ 

 

mdn

 

ဆက်လက်ပြီး နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဂုဏ်ပြုသီချင်းဖြစ်သည့် “ဂုဏ်ယူစရာ သိပ္ပံနှင့် နည်းပညာ” MTV ကို ပြသသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို  မြန်မာနိုင်ငံကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊     ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာများ ပြန့်ပွားနိုင်ရေးအတွက် အဓိကကျသည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်သည်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) တို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ CEO တို့က St. Petersburg မြို့၌ ၂၀၁၅ ခုနှစ်၊ ဇွန် (၁၈)ရက်တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၁၁) ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ ရရှိလာစေရေးအတွက် နားလည်မှု စာချွန်လွှာ (၂) စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း။
ယခုနျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီးပါက ပြည်သူလူထုမှ နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး နားလည်သဘောပေါက်လာစေရန်အတွက် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေး လုပ်ငန်းများကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ စင်တာတွင် ကျောင်းသားလူငယ်များသာမက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါ နျူကလီးယားစွမ်းအင်ဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့မြန်မာနိုင်ငံတော်အတွင်းရှိ မိဘပြည်သူများ အနေဖြင့်လည်း ခေတ်မီနျူကလီးယားနည်းပညာများကို လေ့လာရန် အခွင့်အလမ်းများ ရရှိလာ မည်ဖြစ်ပြီး ပြည်သူလူထု၏ နျူကလီးယားစွမ်းအင်အပေါ် အပြုသဘောဆောင်သည့် သဘောထား အမြင်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြီးခဲ့သည့်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University MEPHI တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အဓိကနည်းပညာ တက္ကသိုလ်များကို လာရောက်လေ့လာပြီး  MEPHI တက္ကသိုလ်၌ သင်ကြားနိုင်သည့် ဘာသာရပ်များ၊ ပညာသင်လျှောက်ထားနိုင်မှုများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရာတွင် တစ်တပ်တစ်အား ဖြစ်စေပါကြောင်း။

 

mdn

 

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြ မြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယနေ့တွင်လည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ်(၁၄)ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးတော့မည် ဖြစ်ပါကြောင်း။

နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မှတ်တိုင်ပါ အချက် (၁၉) ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အဆင့်မြင့် အရာရှိကြီးများနှင့်  ဆွေးနွေးညှိနှိုင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ကြပါကြောင်း။

မြန်မာ့နျူကလီးယားအစီအစဉ်ကို ပံ့ပိုးပေးသည့် ROSATOM အဖွဲ့အစည်းသည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ပနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာ၌ လုံလောက်သည့် အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်မှုများရှိသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက်  ROSATOM ၏အကူအညီဖြင့် ယခုစင်တာ ထူထောင်နိုင်သည်ကို မိမိအနေဖြင့် များစွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ ထို့ပြင် ROSATOM ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် Small Modular Reactor (SMR) တည်ဆောက် လည်ပတ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအား အရင်းအမြစ်များကို မြှင့်တင်နိုင်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း။

ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံ၏စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ROSATOM က တာဝန်ရှိသူများကို မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ၇၅ နှစ် ပြည့်မြောက်လာခဲ့ပြီဖြစ်သည့် ရုရှား - မြန်မာ ဆက်ဆံရေးသမိုင်းကြောင်း၌ ယနေ့သည် အခန်းကဏ္ဍအသစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ ယခုစင်တာတွင် ရုရှားဖက်ဒရေးနိုင်ငံ၏ နျူကလီးယား နည်းပညာနယ်ပယ်တွင် အောင်မြင်မှုများကိုသာမက သိပ္ပံပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကိုလည်း လေ့လာတွေ့ရှိနိုင်မည်ဖြစ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မှု၊ စက်ရုံတည်ဆောက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် ဒေသခံနယ်မြေ၏ လူနေမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်စေနိုင်မှုတို့ကို နားလည်စေနိုင်မည် ဖြစ်ပါကြောင်း။

ယခုစင်တာမှ ရရှိမည့် အသိပညာများသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုနှင့် ပတ်သက်သည့် နည်းပညာများကို ရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ယင်းအသိပညာများကို အခြေခံပြီး မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး  ဆက်လက်ဆောင်ရွက်မှုများတွင် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အားကောင်းသည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းကို ရည်ညွှန်းလိုပါကြောင်း။

ရုရှား-မြန်မာ နျူကလီးယား ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးခဲ့သည့် အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နျူကလီးယား ဓာတ်အားပေး စက်ရုံတည်ဆောက်ရေး ကိစ္စရပ်များတွင် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း မိမိတို့အနေဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရလာဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations မှ ပေးပို့သည့် Small Modular Reactor ဗွီဒီယိုဖိုင်ကို မြန်မာစာတန်းထိုးဖြင့်ပြသပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ပြသသည်။

ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့ထံသို့ ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် ဆိုင်ရာသဘောတူညီမှု စာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာတည်ဆောက်ခြင်းအားဖြင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ အသုံးချနိုင်သည့် အသိအမြင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အနေဖြင့် လေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

သတင်းစဉ်