မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်၊ မေ ၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။      

 

ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ၂၀၂၃ ခုနှစ်၊ မေလအတွင်းကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖျော်ဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြခန်းခင်းကျင်းပြသရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သဖြင့် သာသနာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များနှင့် ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူအသီးသီးက ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ယူဆောင်ရွက်မည့်ကိစ္စများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် မိမိတို့ဌာနအနေဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြသရမည့် ပြခန်းများနှင့် ပတ်သက်၍ ကျစ်ကျစ်လစ်လစ် စုစုစည်းစည်းဖြင့် အနုပညာ ပစ္စည်းများ ပြည့်စုံစေရန်လည်း အဓိကလိုအပ်ပါကြောင်း တာဝန်ထမ်းဆောင်ရာ၌ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်