မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာ ကျင်းပပြီးစီး


နေပြည်တော် ဇွန် ၂၇
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) တတိယနေ့ Plenary Session ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်ကြီးများ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးကြသည်။  
ယနေ့တွင် ညီလာခံဒုတိယနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲခေါင်းစဉ်ကြီး (၆) ခုဖြင့် စာတမ်းရှင်များနှင့် တက်ရောက်သူများ အကြံပြုဆွေးနွေးညှိနှိုင်းရရှိခဲ့သည့် ဆွေးနွေးပွဲရလဒ် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဆွေးနွေးပွဲအုပ်စု သဘာပတိနှင့် စာတမ်းရှင်များက တင်ပြကြပြီး  တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းကြသည်။ 
ဆက်လက်၍ Parallel Session 1 မှ စာတမ်းရှင်များကိုယ်စား ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက “အ‌ခြေခံပညာကဏ္ဍ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များပေါ်ထွက်လာစေရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြား‌ဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတို‌ရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အခြေခံပညာကဏ္ဍကျောင်းများတွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များ‌ပေါ်ထွန်းလာ‌ရေးနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက အကြံပြု‌ဆွေး‌နွေးကြသည်။ 
ယင်းနောက် Parallel Session 2 မှ စာတမ်းရှင်များကိုယ်စား ရန်ကုန်တက္ကသိုလ် ဒုတိယပါ‌မောက္ခချုပ် ဒေါက်တာချိုချိုက “အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးပြည့်၀သော ပညာတတ်များမွေးထုတ်‌ရေး”ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတို‌ရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြရာ စာတမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ အမြဲတမ်းအတွင်း၀န် ဒေါက်တာစိုး၀င်းက အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက အကြံပြုဆွေး‌နွေးကြသည်။ 
မွန်းလွဲပိုင်းတွင် Parallel Session 3 မှ စာတမ်းရှင်များကိုယ်စား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဒုတိယပါမောက္ခချုပ် ဒေါ်အေးစန္ဒာအောင်က “ထုတ်လုပ်မှု ကိုအားပေးသော သက်မွေးပညာတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြား‌ဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတို‌‌‌ရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Parallel Session 4 မှ စာတမ်းရှင်များကိုယ်စား ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးဖြူဇင်က “ဆရာဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြား‌ဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတို‌ရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Parallel Session 5 မှ စာတမ်းရှင်များကိုယ်စား မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆောဘောင်မ်က “သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြား‌ဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ Parallel Session 6 မှ စာတမ်းရှင်များကိုယ်စား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီအောင်က “အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ် ပိုမိုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြား‌ဆွေးနွေးခဲ့ကြသည့် စာတမ်း ၆ စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍လည်းကောင်း စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြကြရာ တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။ 
ထို့နောက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ၏ ဆွေးနွေးမှုအနှစ်ချုပ် အစီရင်ခံစာကို တင်ပြသည်။ 
ယင်းနောက်    ပြည်ထောင်စုဝန်ကြီးက ယခုလိုညီလာခံကြီးက ချမှတ်လိုက်သည့် ရေတိုရေရှည်လုပ်ငန်းအစီအမံများကို အောင်မြင်အောင် ဟန်ချက်ညီညီနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တက်ရောက်လာကြသည့် ပညာရှင်ကြီးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံးကို တိုက်တွန်းလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အသိပညာ၊ အတတ်ပညာကို မြင့်မားအောင်မြှင့်တင်ပေးနိုင်သူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့ပွားများအောင် ပဲ့ပြင်ဆုံးမနိုင်သူ၊ ဘဝလမ်းတစ်လျှောက် ဖြောင့်မတ်အောင်လမ်းပြပေးနိုင်သူသည် ဆရာ ဆရာမများဖြစ်သည့်အတွက် မိမိတို့၏တပည့်သားမြေးများ၏ အနာဂတ်ဘဝ သာယာလှပရေး ဆရာ့ဂုဏ်နှင့်အညီ ပျိုးထောင်ပေးရင်း ညီလာခံကြီး၏ ရှေ့လုပ်ငန်းအစီအမံများ အောင်မြင်စေရန် တစ်ဖက်တစ်လမ်းက လက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ညီလာခံအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်