မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၆

မေ ၁၈ ရက်မှ မေ ၂၀ ရက်အထိ နေပြည်တော်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပ ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးကြပါရန်နှင့် လိုအပ်ချက်များရှိပါက အချိန်မီ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆက်စပ်ဝန်ကြီးဌာနများမှ လုပ်ငန်းကော် မတီဝင် များနှင့် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က မိမိတို့ကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကာ ညီလာခံကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)က ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်