မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုကို မဆုလာဘ်ထား ဆွတ်ခူး 

ရန်ကုန်  ၂၆   မေ 

 

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံ၌ မေ၂၄ ရက်၊ ညနေ ၃ နာရီမှ ည ၈ နာရီအထိကျင်းပခဲ့သည်။

 

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဗုဒ္ဓဝံသဝိဿရဒဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးအား အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်စေခဲ့သည်။ အုပ်စု(A)မှ (၁၃)ဦးအနက် ရမှတ်အများဆုံးရရှိသူ သုံးဦး၊ အုပ်စီ(B)မှ (၁၃)ဦးအနက် ရမှတ်အများဆုံးရရှိသူ သုံးဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆)ဦးသည် ဗုဒ္ဓဝံသဗဟုသုတဘွဲ့အတွက် နောက်ဆုံးအဆင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး စာဖြေဌာနမှ ကျောင်းသူမဆုလာဘ်ထာ က ရမှတ်အများဆုံးဖြင့်ပထမရရှိပြီး ဗုဒ္ဓဝံသဗဟုသုတဘွဲ့ကို ဆွတ်ခူး နိုင်ခဲ့သည်။

 

ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပထမဆုရှင်မဆုလာဘ်ထာသည် ဆုတော်ငွေကျပ် တစ်ဆယ့်လေးသိန်း၊ (၁၅)ရက်ကြာ ဗုဒ္ဓဂယာ အခမဲ့ဘုရားဖူးခရီးစဉ်ဆုများ ရရှိခဲ့သည်။ ၎င်းအပြင် ပြိုင်ပွဲ၏ဒိုင်ဆရာတော်တစ်ပါးဖြစ်သည့် မနာပဒါယီ အရှင်ဝိစိတ္တ(ကိုရီးယား)ဆရာတော်က အထူးဆု အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ပြီးချိန်မှ တက္ကသိုလ်ကျောင်းပြီးသည်အထိ လစဉ်ပညာသင်ထောက်ပံ့မှု "မနာပဒါယီ ပညာသင်ဆု" ကိုပါ ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 

ဗုဒ္ဓဖြစ်တော်စဉ်(မဟာဗုဒ္ဓဝင်)ကို ရဟန်း/ ရှင်/လူပြည်သူအများ ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ကြရန်၊ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်လူငယ်များ စာရိတ္တမြင့် မား၍မြန်မာ့ယဉ်ကျေးမှုနှင့် မြတ်ဗုဒ္ဓသာသနာတော်ဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာစေရန်၊ ဘာသာ တရားကို ကိုးကွယ်သည့်အဆင့်မှ ကျင့်သုံးလိုက်နာသည့် အဆင့်ထိ တိုးတက်မြင့်လားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။              

 

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)