မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကား ဝိုင်းကျင်းပ၊ ဘားအံပညာ့ရိပ်သာ အိမ်ရာဝန်းတည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

ဘားအံ စက်တင်ဘာ ၂၇

 

အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

လူငယ်စကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များက လူငယ်ပွဲတော်သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်လူရွယ် မောင်မယ်များအနေဖြင့် ကျန်းမာ ကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး ကဏ္ဍများတွင် သာတူညီမျှမှုရှိစွာဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူချွန်လူကောင်းများအဖြစ် မားမားမတ်မတ် ရပ်တည်သွားနိုင်စေရန် မိမိကိုယ်မိမိအချိန်ကိုအကျိုးရှိရှိဖြင့် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က တိုင်းပြည်နှင့်အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် အားကစား/ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး လူငယ်စ ကားဝိုင်းသို့ တက်ရောက်လာသော ဘားအံမြို့ပေါ် ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည် များအား မေးခွန်းများပြန်လည် မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးဦးစိုးနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြသည်။

 

လူငယ်စကားဝိုင်းအပြီးတွင် လူငယ်များက Fitness Dance ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က ပြည်နယ်ပညာရေးဌာနနှင့်အခြေခံပညာ ကျောင်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ခင်းကျင်းပြသထားသော လုပ်ငန်းဆောင်ရွက် မှုမှတ် တမ်းဓာတ်ပုံများ၊ ပြန်ကြားရေး နှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေး စာအုပ်စာစောင်များကို ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံတက္ကသိုလ်၊ ပတ္တမြား နယ်မြေ၊ ဘားအံပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်ပြီးစီးမှုအခြေ နေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်သုံးမီတာများ ပြောင်းလဲတပ်ဆင်ပေးနိုင်ရေး၊ အရိပ်ရပန်းအလှပင်များ ထည့်သွင်း စိုက်ပျိုးပေးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီဖြစ်စေရေး တာဝန်ရှိသူများအားမှာကြားကာ အဆောက် အဦများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)