မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၇

 

လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင် ကြည်သိန်း က မွန်ပြည်နယ် အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထူးအ​လေးထားဆောင် ရွက်လျက်ရှိကြောင်း‌ ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးခင်ဇော် က မွန်ပြည်နယ် လူငယ်ရေး ရာကော်မတီ ဖွဲ့စည်း ထားရှိမှု၊လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု လုပ်ငန်းများကို ရှင်းလင်း တင်ပြကာ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့်လျာထားလုပ်ငန်းစဉ်များ၊ အသုံး စရိတ် လျာထားတင်ပြချက်များ၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအဆင့်မြင့်နှင့်အခြေခံပညာအဆင့် အားကစား ပြိုင်ပွဲများကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေး ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အားကစားနှင့် လူငယ်​ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ မွန်ပြည်နယ်လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အမှာစ ကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူးအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှု အခန်းကဏ္ဍနှင့် ပက်သက်၍ ဆွေးနွေးဟောပြောပြီး၊ စာရေးဆရာမ တက္ကသိုလ် နန်းဖြူဖြူထွန်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတို့တက်ရေး အတွက် အသိပညာပေးဟောပြောသည်။

 

ယင်းနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဗိုဗီနမ်အဖွဲ့က သရုပ်ပြသခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ကာယဗလအားကစားသမား မောင်လင်းလင်းထိုက်က သရုပ်ပြသခြင်း၊ အားကစားနှင့် ကာယ ပညာသိပ္ပံ(မော်လမြိုင်)သင်တန်းသား၊ သူများမှ Fitness Dance ဖြင့် သရုပ်ပြသခြင်းများကို ကြည့်ရှုအား​ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ လူငယ်ရေးရာဦးစီးဌာနအတွက် ငွေကျပ် သိန်း(၅၀)ကို ဒုတိယဝန်ကြီးထံ ပေးအပ် လှူဒါန်းသည်။

 

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မွန်ပြည်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မွန်ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများက စာရေးဆရာမ တက္ကသိုလ် နန်းဖြူဖြူထွန်း၊ သရုပ်ပြ အဖွဲ့များနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ် စာစောင်များ နှင့် စာအုပ်စာပေများကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)