မြန်မာနိုင်ငံမှ ဗြိတိန်ကုန်သည်များအသင်းနှင့် ABE အဖွဲ့အစည်းတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများပေးမည်

ရန်ကုန်  ၃  ဩဂုတ်

 

မြန်မာနိုင်ငံမှ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်သောလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အတွက် ယခုနှစ်၏ စက်တင်ဘာလမှစတင်ကာ ဗြိတိန်ကုန်သည်များအသင်းနှင့် အင်္ဂလန်နိုင်ငံအခြေစိုက် ABE အဖွဲ့ အစည်းတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအခွင့်အလမ်းရယူမည့် လူငယ်များအနေဖြင့် စီးပွားစီမံဆိုင်ရာအဖွဲ့အစည်း ABE မှသင်ကြားပေးသောပညာရပ်ကို တက်ရောက်အောင်မြင်ရမည်ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ယင်းအဖွဲ့အစည်းနှစ်ခုမှ ပူးပေါင်း၍ အလုပ် အကိုင်အခွင့်အလမ်းပေးမည့်အစီအစဉ်တွင် ပြည်တွင်းရှိ ABE ပညာရပ်ကို တက်ရောက် ပြီးဆုံးထားသော လူငယ်များထဲမှတစ်ဦးကို စတင်ရွေးချယ်ကာ အလုပ်ခန့်အပ်သွားမည်ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် ပါဝင်ချင်သော ပြည်တွင်းမှ ABE တတ်မြောက်ထားသည့် လူငယ်များအနေဖြင့်ဩဂုတ် ၃ ရက်မှစတင်၍ စက်တင်ဘာလကုန်ပိုင်းထိမိမိတို့၏ကိုယ်ရေးအကျဉ်း လျှောက်လွှာများကို ရန်ကုန်မြို့ Junction Ciyt Tower အထပ် (၆)လွှာရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သည်များအသင်းတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်ကို လာမည့်နှစ်မှစတင်၍ နှစ်ရှည်အစီအစဉ်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွေးချယ် မှုပြုလုပ်မည့် လူဦးရေပမာဏကိုလည်း တိုးပြီးရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ABE ပညာရပ်ကို လက်ရှိ အချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ပဘာသာရပ်များကိုသင်ကြားပေးသောကျောင်းများတွင် တက်ရောက်နိုင်ကြောင်း သိရသည်။

 

အလုပ်ခန့်အပ်ခံရတဲ့သူအနေနဲ့ တစ်နှစ်စာချုပ်နဲ့မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သည်များ အသင်းရုံးခန်းမှာ စာရင်းကိုင်အလုပ်ကို လုပ်ကိုင်ရမှာပါ။ လစာအနေနဲ့ကတော့ စတင်လုပ်ကိုင်တဲ့အချိန်မှာ ငွေကျပ်နှစ်သိန်းခွဲ စတင်ရရှိမှာဖြစ်ပြီး နောက်ပိုင်းအချိန်ကာလတွေမှာတော့ကြိုးစားပေါ်မူတည်ပြီး လစာငွေကတိုးမြှင့်ရရှိလာမှာပါ။

 

ဒီအစီအစဉ်က ပြည်တွင်းမှာ အလုပ်လိုအပ်တဲ့ လူငယ်တွေအတွက် အထူးလုပ်ပေးတဲ့အစီအစဉ်ဖြစ်တာကြောင့် ဗနြမတက်ရသေးတဲ့သူတွေအနေနဲ့ တက်ပြီး ဒီအခွင့်အရေးကိုရယူပါ။ တက်ပြီးသားလူတွေကတော့ ဒီအခွင့် အရေးကို ချက်ချင်းအသုံးချပြီး အလုပ်လျှောက်ပါ ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သည်များအသင်းမှ Chief Executive Ms.Chloe Taylor က ပြောကြားသည်။

 

အဆိုပါအစီအစဉ်နှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲကို ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီတွင်ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သည်များအသင်းရုံးခန်း၌ကျင်းပခဲ့ပြီး အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်သော အဖွဲ့အစည်းနှစ်ခုမှ တာဝန်ရှိသူများက ယင်းအစီအစဉ်နှင့်သက်ဆိုင်သော အကြောင်း အရာများကို စာနယ်ဇင်းများအား ရှင်းလင်းပြောကြားသည်။

 

သတင်းနှင့် ဓာတ်ပုံ- ဇာနည်မောင်