မြန်မာနိုင်ငံ၌ ပိုးသတ်ဆေး ၃၈၀၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပြီး ၁၄၉ မျိုး ထပ်မံအတည်ပြုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဇန်နဝါရီ   ၂၆

 

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၅) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “ဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်း၌ ဖူလုံစွာ စားသုံးနိုင်စေရေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်းမီ ပြည်ပပို့ကုန်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ သုံးစွဲရာတွင် အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ်ဆေးများအား ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေး တင်သွင်းသူ ထုတ်လုပ်သူ သိုလှောင်သူ ပြုပြင်ထုပ်ပိုးသူ ဖြန့်ချိရောင်းချသူများအနေဖြင့်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပြီး အတ္တဟိတ ပရဟိတစိတ်ဖြင့် စိုက်ပျိုးထုတ်လုပ်သူမှ စားသုံးသူအထိ ဘေးကင်းအကျိုးရှိစေရေး မျှော်မှန်း ဆောင်ရွက် ကြစေလိုကြောင်း” ပြောကြားသည်။

 

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက် များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ် အကြံပြုချက်ခြင်းများကို နည်းပညာကော်မတီက ဆောင်ရွက်ပေးလျက် ရှိပြီး ပိုးသတ်ဆေး ဥပဒေအခန်း(၅) ပုဒ်မ၁၇ ၊ ၁၈ အရ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့်လိုင်စင် လျှောက်ထားခြင်းများကို စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စီစစ်ခွင့်ပြုပေးလျက်ရှိသည်။

 

(၃၄) ကြိမ်မြောက်အထိ ကျင်းပခဲ့သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အစည်းအဝေး ပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၃၈၀၅ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၅) ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း ၁၄၉ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်