မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ အကြိုလှုပ်ရှားမှုဖြစ်သော HIV Harm Reduction Workshop အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၄

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ အကြို လှုပ်ရှားမှုဖြစ်သော HIV Harm Reduction Workshop အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2)၌ ကျင်းပရာ  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့များ၊ ပြည်တွင်း/ ပြည်ပမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံတွင်  အိပ်ချ်အိုင်ဗွီကူးစက်မှုသည် မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ အကြားတွင် မြင့်မားနေပြီး ၎င်းတို့၏ အိမ်ထောင်ဖက်များ၊ လက်တွဲဖော်များသို့ အိပ်ချ်အိုင်ဗွီ ကူးစက်မှုမှာလည်း များပြားလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် မူးယစ်ဆေးစွဲ ပြဿနာများသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျော့ကျရေး လုပ်ငန်းသည် နှီးနွယ် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုထဲတွင် ထိရောက်စွာ အသုံးချနိုင်မည့် လူထုနားလည်လွယ်သော လုပ်ငန်းစဉ်များ၊ နည်းလမ်းအဖြေများကို အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသူများက မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအကြား  အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ အားသာချက်/ အားနည်းချက်များ၊ လုပ်ငန်းလိုအပ်ချက်များ၊ အရှိန်အဟုန် မြှင့်ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်