မြန်မာနိုင်ငံရှိ မြစ်ချောင်းဒေသများ၌ ရေချိုငါးမျိုးစိတ်သစ်များ တွေ့ရှိမှတ်တမ်းတင်နိုင်

မိုးညှင်း ၂၇ စက်တင်ဘာ

 

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ မြန်မာ့ရေချိုငါးမျိုးစိတ်သစ်များကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ) FFI မှ သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်အဖွဲ့(မြန်မာ)FFI သည် မြန်မာနိုင်ငံ၏ ငါးသယံဇာတထိန်းသိမ်းရန်နှင့် မြန်မာ့ငါးမျိုး စိတ်များစာရင်းကို ပြုစုနိုင်ရန်အတွက် ငါး လုပ်ငန်းဦးစီးဌာနမှ ပညာရှင်များ၊ ဒေသတွင်း တက္ကသိုလ်များမှ ပညာရှင်များနှင့်အတူ ပူးပေါင်းလေ့လာခဲ့ရာ မြန်မာ့မြစ်ချောင်းများမှ သိပ္ပံအတွက် မျိုးစိတ်အသစ်များနှင့် ရှားပါးမျိုးစိတ်များကို နေရာဒေသအလိုက် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ)FFI မှ ရေချို၊ ရေငန် ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ ဦးဇော်လွန်းက “မေခ၊ မလိခမြစ်တွေမှာ ငါးမျိုးစိတ်   ၄၆ မျိုး၊ အင်းတော်ကြီးဒေသမှာ  ၉၅ မျိုး၊ ဧရာဝတီမြစ်မှာ ၁၁၆ မျိုး၊ တနင်္သာရီမြစ်မှာ ၁၁၃ မျိုး၊ လေညာမြစ်မှာ ၅၄ မျိုး တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသစ်တွေ့ရှိတဲ့ ငါးမျိုးစိတ်သစ် ၁၀ မျိုးကိုလည်း သိပ္ပံအမည်သစ် တွေပေးပြီး အပြည်ပြည်ဆိုင်ရာ သိပ္ပံစာစောင်တွေမှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ယခုမျိုးစိတ်သစ်အဖြစ်သတ်မှတ်ခံရသည့် ငါးမျိုးစိတ်များသည် ငါးသလဲထိုးအုပ်စုဝင်နှင့် တောင်ပေါ်  ရေစီးသန်သောချောင်းများရှိ ကျောက်များတွင်ကပ်လျက်ရှင်သန်နေထိုင်နေသည့် ငါးစင်ရိုင်းပုံသဏ္ဌာန် အုပ်စုဝင် ရေချို ငါးမျိုးစိတ်များဖြစ်ပြီး မေခနှင့်မလိခမြစ်များမှ လေးမျိုး၊   အင်းတော်ကြီးဒေသမှ လေးမျိုး၊ တနင်္သာရီမြစ်မှ တစ်မျိုးနှင့် သံလွင်မြစ်ဝှမ်းမှ တစ်မျိုးတို့ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ရေချိုမြစ်ချောင်းများတွင်သာတွေ့နိုင်သော ဒေသရင်း မျိုးစိတ်များ ဖြစ်သည့် အင်းတော်ကြီးဒေသမှ မိကျောင်း သွားကြားထိုးတံငါး (Microphis dunckeri)နှင့်   ချင်းတွင်း ရေချိုငါးလိပ်ကျောက် (Makararaja chindwinensis) တို့ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့ (မြန်မာ)FFI မှ သိရသည်။

 

မြန်မာ့ရေချိုငါးလုပ်ငန်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြစ်ချောင်းများအတွင်း နေထိုင်ကျက်စားသည့် ငါးသယံဇာတ တို့၏စာရင်းကို မှတ်တမ်းတင်ရန်လိုအပ်ကြောင်း၊ သို့မှသာလျှင် မည်သည့်မြစ်၊ ချောင်းများတွင် မည်သည့်ငါးအမျိုးအစားများ ရှင်သန် ကျက်စားနေကြောင်းသိရှိကာ အဆိုပါ ငါးအမျိုးအစားများ မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ငါးများအတွက် အရေးပါသော ငါးကျက်စားရာနေရာများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသခံများနှင့်ပူးပေါင်းထိန်းသိမ်းသော ရေချိုငါးထိန်းသိမ်းရေး ရေပြင်များ တည်ထောင်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနများနှင့်ပူးပေါင်းပြီး ဒေသခံများနှင့် ညှိနှိုင်း လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် အင်ဒို-မြန်မာ အရေးပါသော ဇီဝမျိုးစုံမျိုးကွဲနေရာတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲအရ အရေးပါသောနေရာ အဓိကနေရာ ၁၀ နေရာထဲတွင် အပါအဝင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်ဒို-မြန်မာ အရေးပါသော ဇီဝမျိုးစုံမျိုးကွဲနေရာထဲတွင် ပါဝင်သော မြန်မာ့ရေမြေတောတောင်တို့တွင် သတ္တဝါနှင့် အပင်အမျိုးအစားစုံလင်စွာ ပေါက်ရောက်ကျက်စားနေကြကြောင်း၊ ဧရာဝတီမြစ်၊ မေခမြစ်၊ မလိခမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ တနင်္သာရီမြစ်၊ ကုလားတန်မြစ်ကြီးများနှင့်အတူ ၎င်းမြစ်ကြီး များအတွင်း စီးဝင်နေသော မြစ်လက်တက်များသည် မြန်မာ့ရေချိုငါးများအတွက် လွန်စွာ အရေးပါသော ငါးကျက်စားရာနေရာများဖြစ်ကြောင်း၊ အဆိုပါမြစ်ကြီးများနှင့် မြစ်၊ ချောင်း လက်တက်များကို အမှီပြု၍  မြန်မာ့ရေချို ငါးများသည် အစုန်အဆန်ကူးခတ် သွားလာနေကြပြီး မြန်မာနိုင်ငံသားများအတွက် ငါးဖမ်းလုပ်ငန်း၊ ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ အဓိကအာဟာရဓာတ်ဖြစ်သော ငါးပိ၊ ငံပြာရည်နှင့်အတူ ရေချိုငါးလုပ်ငန်းကဏ္ဍမှ နိုင်ငံအတွက် အခွန်ဘဏ္ဍာများရစေရန် ပံ့ပိုးပေးလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့ (မြန်မာ)FFI မှ သိရသည်။

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ-FFI

 

mdn