မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများ တွေ့ဆုံ

ရန်ကုန်  ၁၈  ဇူလိုင်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများအား ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel  ၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ အောင်ထွန်းသက်နှင့် ဦးအေးလွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် သက်ဆိုင်ရာဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 

mdn

 

တွေ့ဆုံပွဲတွင် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြုပြင် ပြောင်းလဲမှုများ၊ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံများအတွက်ပါ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးအမြတ် များစွာရရှိရန် အထောက်အကူပြုပါကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နည်းလမ်းများမှာ မိမိတို့အားလုံးအတွက် အရေးပါသည့်အချက်ဖြစ်ပါကြောင်း ပြောကြားသည်။

တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်(၉)နိုင်ငံမှ သံအမတ်ကြီးများက ရင်းနှီး မြှုပ်နှံသူများ ကြုံတွေ့ရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးများ၏ ဆွေးနွေးချက်များအား ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

(သတင်းစဉ်)