မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးများ တက်ရောက်

 

 

နေပြည်တော် ဧပြီ ၂

 

အာဆီယံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) နှင့် အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ယနေ့တွင် Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့် အရာထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ အာဆီယံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) ကို ကျင်းပရာ လာအိုနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး လာအိုနိုင်ငံဗဟိုဘဏ်မှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုပ် အချက်အလက်များကို ရှင်းလင်းတင်ပြရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)များကို ဘဏ္ဍာငွေဖြည့်ဆည်းရေးအတွက် လိုအပ်ချက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization- CAL)၊ အာဆီယံဘဏ်လုပ်ငန်းပေါင်း စည်းရေးမူဘောင် (ASEAN Banking Integration Framework- ABIF)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion - FINC)၊ ငွေ‌ပေးချေမှုနှင့် စာ‌ရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization - FSL)၊ စသည့်လုပ်ငန်း ကော်မတီများ၏ နောက်ဆုံးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်စဉ်ဆက်မပြတ် ဘဏ္ဍာရေးအစီ အစဉ်များအာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement-ASA)၊ အာဆီယံ ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များ အားမျှဝေ ခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform-CRISP) တို့နှင့်စပ်လျဉ်းသည့် အခြေအနေများကို အာဆီယံအဆင့်မြင့်ကော်မတီ၏ သဘာပတိဖြစ်သူမှ ရှင်းလင်းတင်ပြရာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုခဲ့ကြသည်။

 

ထို့နောက် လာအိုနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ဆက်လက် ကျင်းပရာ AFCDM ၏ ပူးတွဲသဘာပတိများက အဖွင့်အမှာစကားပြောကြားကြသည်။

 

ဆက်လက်၍ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သည့် အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Cooperation-AEC) စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ (AEC Blueprint 2025) အပေါ် တိုးတက်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာမျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် ၂၀၂၄ အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းမှု စောင့်ကြည့်လေ့လာရေးအစီရင် ခံစာ (2024 ASEAN Financial Integration Monitoring Report-AFIMR) နှင့်စပ်လျဉ်း၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် အာဆီယံလုပ်ငန်းကော်မတီများနှင့် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေး အဆင့်မြင့် လုပ်ငန်းကော်မတီ (Senior Level Committee-SLC on ASEAN Financial Integration) တို့နှင့် စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီအသီးသီးတို့၏ ပူးတွဲသဘာပတိများမှ ရှင်းလင်းတင်ပြရာ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက လမ်းညွှန်မှုများပြုခဲ့ကြသည်။

 

ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (11th AFMGM) သို့ တင်ပြမည့် ပူးတွဲကြေညာချက်မူကြမ်းနှင့် အစီအစဉ်မူကြမ်းတို့ကို အပြီးသတ် ဆွေးနွေးအတည်ပြုခဲ့ကြပြီး အစည်းအဝေး၏ ပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)