မြန်မာနိုင်ငံတော်ဗဟိုဘဏ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံလင်စွာ တက်ရောက်ကြသည်။ 

ထမနဲထိုးပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဌာနအသီးသီးမှ စုစုပေါင်း (၈)သင်းပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆုရရှိသည့် စာရင်းဌာနအသင်း ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဆုချီးမြှင့်ပြီး၊ ဒုတိယဆုရရှိသည့် ငွေကြေးလုပ်ငန်း အုပ်ချုပ် မှုဌာနအသင်းကို ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် ကလည်းကောင်း၊ တတိယဆုရရှိသည့် ဘဏ်တွင်း စာရင်းစစ်ဌာနအသင်းကို ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ကလည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသည့်အသင်းများက အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း ဆုများချီးမြှင့်ကြသည်။

ယခုနှစ် ထမနဲထိုးပြိုင်ပွဲသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စတုတ္ထအကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲဖြစ်သည်။

သတင်းစဉ်