မြန်မာနိုင်ငံတော်သစ်ကို လက်ဆောင်ပေးရန်အချိန်

ရှမ်းမြောက် ၊ ကယား၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူး ဒေသအချို့မှ တိုက်ပွဲတွေ။ သူ့ဘက်က ကျဆုံးမှုများရှိသလို မိမိတို့ဘက်ကလည်း ပေးဆပ်ရမှုများ ကြောင်း သတင်းများအရ သိရသည်။ ဘာပဲဖြစ်ဖြစ် စစ်ကိုနိုင်အောင် တိုက်ရမည်သာ။ ရုရှား - ယူကရိန်းစစ်ပွဲ၊ အစ္စရေး - ဟားမတ်စ် စစ်ပွဲတို့ကို နမူနာကြည့်လျှင် နောင်ခေါင်း မထောင်နိုင်အောင် ဦးချိုးထားရန် အရေးကြီးကြောင်း စစ်ပွဲသဘောတရားကို အားလုံး သိပြီးဖြစ်သည်။ ရှိသမျှ စည်းစိမ်ပုံအောသည်ပဲ ဖြစ်ဖြစ်၊ ရှိသမျှ အင်အားကို သိမ်းကျုံး စုစည်းပြီးဖြစ်ဖြစ် သောင်းကျန်းသူအားလုံးကို သုံးနှစ်သုံးမိုးမက ဆယ်နှစ်ဆယ်မိုး ချို(ဂျို) မကြွရဲ‌အောင် ၊ ခေါင်းမထောင်နိုင်အောင် ချိုးနှိမ်ပစ်ရမည်သာ ။ ကမ္ဘာ့အဆင့် ၃၈ ရှိ မြန်မာ့တပ်မတော်ဆိုတာ ပေါ့သေးသေးမဟုတ်ကြောင်း၊ သာမန်အထက်ရှိကြောင်း လက် တွေ့ပြသရန် အချိန်ရောက်ပါပြီ။ မြန်မာ့အခက် သူ့တို့အချက်သဖွယ် အခွင့်အခါကောင်းကို စောင့်နေပြီး နားရွက်ကို တံတွေးဆွတ်ချင်နေသော၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်လုပ်ချင်နေသော အနီးပတ်ဝန်းကျင်နိုင်ငံများ အပါအဝင် နိုင်ငံ အားလုံးကို အစွမ်းတစ်ကြိမ်၊ မြန်မာ့တပ်မတော်အစွမ်း ပြသပေးရန်လိုပါပြီ။

ဒီစစ်ပွဲအတွက် နိုင်ငံအတွင်းရှိသမျှ ငွေကြေးဘယ်နေရာမှာရှိရှိ အကုန်သုံးပစ် လိုက်လို့ရသည်။ ပုံအောပစ်လိုက်အုံး၊  စစ်ပွဲပြီးလျှင် ပြန်ရှာနိုင်သည်။ အင်အားရသ လောက် ပြန်စုစည်းလို့ရသည်။ ပြည်သူ့စစ်မဟာဗျူဟာကို  ပြန်အသက်သွင်းရမည်။ လိုအပ်လျှင် အသက် ၃၀ - ၄၀ ကြား တိုက်ခိုက်ရေးဆင်နွှဲလိုသော စစ်သားဟောင်းများ အသင့်ရှိသည်၊ အသက် ၄၀-၅၀ ကြား၊ အသက် ၅၀-၆၀ ကြား ကင်းစောင့်၊ တပ် စောင့်သာမက ငါမအိုသေးဆိုသည် စစ်သားဟောင်းများ များစွာရှိသည်။ သူတို့အားလုံး အရန်အင်အားအဖြစ် အမြဲတိုက်ပွဲဝင်လိုသော စိတ်ဓာတ်၊ Once a Gunner , Always a Gunner ဆိုသည့် စိတ်ဓာတ်ဖြင့် ခံပြင်းစွာ တိုက်ပွဲဝင် အသင့်ဖြစ်နေကြသူများကို နီးစပ် ရာ တပ်စခန်းသတင်းပို့ပါဆိုသည်နှင့် ၂၄ နာရီအတွင်း အများအပြား သတင်းပို့ လာလိမ့်မည်။ အဝေးမှ စစ်သတင်းများကို ကြိတ်မနိုင်ခဲမရဖြင့် တစိမ့်စိမ့်မကျေနိုင်၊ မချမ်းနိုင်ဖြစ်နေသမျှ ဒါမှ စိတ်ချမ်းသာရလိမ့်မည်။ တိုက်ပွဲပြီးမှ နားမည်။ အရှိန်ကုန်ရင်၊ အချိန်တန်လျှင် ပြည်တွင်းသောင်းကျန်းမှုတိုက်ပွဲများ ရပ်တန့်သွားမည်ကို သိသော် လည်း မြန်မြန်ရပ်တန့်သွားပါက တစ်နိုင်ငံလုံး မြန်မြန်စိတ်အေးချမ်းမည်။ အနားရမည်။ တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းကို အမြန်ရှာဖွေနိုင်မည်။ 

စစ်ပွဲဆင်နွှဲရန် အလှူငွေများ ကောက်ခံလိုပါကလည်း ငွေကြေးသာမက ပိုင်ဆိုင်သမျှ ကျောက်မျက်ရတနာများ ၊ စည်းစိမ်များ လှူဒါန်းထည့်ဝင်မည့်သူများ တစ်နိုင်ငံ လုံးအတွင် အသင့်ရှိသည်။ နိုင်ငံသားအားလုံးက သောင်းကျန်းမှု စစ်မီးကြား အိပ်ကောင်း ခြင်း မအိပ်ရ၊ အလုပ်လုပ်ကောင်းခြင်း မလုပ်ရ၊ သွားကောင်းခြင်း မသွားရဖြင့် အတော မသတ်နိုင်သည့်အတွက် ငြိမ်းချမ်းမှု ၊ တည်ငြိမ်မှုကို ရင်နင့်အောင် လိုလားနေကြသည်။ ဒါကို အခုအချိန် ဖြည့်ဆည်းပေးပြီး ပြီးလျှင်နိုင်ငံကို ၁ မှ စတင်ထူထောင်မည်လား ရသည်၊ ၂ မှ စထူထောင်မည်လားရသည်။ 

နည်းပညာဆိုသည် ငွေရှိလျှင် ဝယ်လို့ရသည်သာ ။ မီးကုန်ယမ်းကုန်ဆင်နွှဲမည့် စစ်ပွဲအတွက် နည်းပညာမြင့်၊ စွမ်းပကားကောင်းသော စစ်လက်နက်ပစ္စည်းများ အမြန် ဖြည့်ဆည်းပြီး တိုက်ပွဲဝင် အသင့်ဖြင့် ဘူမသိကိုးမသိ ရန်စလာသော လက်နက်ကိုင်များ အားလုံး နောင်ကျဉ်သွားအောင် လုပ်ရမည့်အချိန်သည် ယနေ့ ၊ ယခု ၊ လတ်တလော ဖြစ် သည်ကို အားလုံးသိကြမည်သာ ။  ခေတ်မီလက်နက်များ စုစည်းပြီး ပြန်လည်တုန့်ပြန် မှုဖြင့် သုံးလေးလအတွင်း စစ်ပွဲများ ပြီးဆုံးသွားအောင်၊ ရန်သူများ နာလန်မထူအောင် အပြီးတိုင် ချေမှုန်းပစ်ရမည်။


ပြီးလျှင်တော့ မိမိတို့သည် လီကွမ်ယူပုံစံနိုင်ငံကြီးပဲဖြစ်ဖြစ်၊ တိန့်ရှောင်ဖိန် ပုံစံ နိုင်ငံကြီးပဲဖြစ်ဖြစ်၊ ဟိုချီမင်းပုံစံ နိုင်ငံကြီးပဲဖြစ်ဖြစ် ၊ မြန်မာ့ပုံစံ ပုံစံသစ်ပဲဖြစ်ဖြစ် မီးပုံထဲ က ထလာသည့် ဖီးနစ်ငှက်လို နိုင်ငံထူထောင်ရေးအတွက် (၁) မှ စတင်ဖို့ သွားရမည်။ အခုအချိန်မှာတော့ ပြည်တွင်းသောင်းကျန်းမှု စစ်မီးကြီးရပ်တန့်သွားရေးသည် နံပါတ် (၁) ၊ နံပါတ် (၂) ၊ နံပါတ် (၃) မှ နံပါတ်စဉ်အားလုံး အရေးအကြီးဆုံးတွင် ထားရမည်။ ဒီထက် အရေးကြီးတာ ဘာမှမရှိ။ သူများတွေလည်း တည်ငြိမ်းအေးချမ်းသွားချိန်တွင် နိုင်ငံ တည် ဆောက်ရေး၊ ထူထောင်ရေးအတွက် ဆယ်နှစ် ၊ ဆယ်မိုး အချိန်ယူခဲ့သည်သာ။ ခေတ်မီတိုးတက်သော နိုင်ငံသာဖြစ်လျှင်၊ လူတိုင်းဝမ်းဝနေလျှင် စနစ်က အရေးမကြီး ကြောင်း ကမ္ဘာကြီးသက်သေရှိသည်။ 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကာလ၊ အခါသမယတွင် တည်ငြိမ်အေးချမ်း သွားသော မြန်မာနိုင်ငံတော်သစ်ကို နိုင်ငံသူနိုင်ငံသားများထံ လက်ဆောင်ပေးရန် အချိန် ရောက်ပြီဟု အယ်ဒီတာမှတစ်ဆင့် ရေးသားတင်ပြလိုက်ရပါသည်။
ရန်သူကို နေလိုမီးလို ကျင့်ရပါမည်။

ရဲစွမ်းသတ္တိရှိသော တပ်မတော်ကြီးနှင့် ကျွန်တော်တို့ အတူရှိပါသည်။

မောင်ဆွေ
ရန်ကုန်မြို့