ဒေါက်တာကောင်းမြတ်ရွှေ (ဓာတ်ရောင်ခြည်)
ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း တိုးတက်များပြားလာမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကျန်းမာရေးစနစ်များအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အရည်အသွေးမြင့် ကင်ဆာကုသမှုများ ရရှိရန်မှာ ကင်ဆာလူနာများအတွက် မရှိမဖြစ်လိုအပ်လာပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များ အရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ကင်ဆာလူနာအသစ် စုစုပေါင်း သန်း ၂၀ ခန့်ရှိပြီး ကင်ဆာရောဂါ ကြောင့်သေဆုံးမှုမှာ ၉ ဒသမ ၆ သန်း အထိရှိနိုင်ကာ မြန်မာနိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ်အတွင်း ကင်ဆာ လူနာအသစ် ၇၇၆၀၃ ဦးခန့်ရှိနိုင်ပြီး ကင်ဆာကြောင့် သေဆုံးသူ ၅၄၆၃၁ ဦးခန့် ရှိနိုင်သည်ဟု ခန့်မှန်း ထားပါသည်။
နေပြည်တော် လူဦးရေအခြေပြု ကင်ဆာစာရင်းအင်း (၂၀၁၃-၂၀၁၇) များအရ အမျိုးသားများတွင် အဖြစ်များသော ကင်ဆာများမှာ (၁) အဆုတ်ကင်ဆာ၊ (၂) အသည်းကင်ဆာ၊ (၃)ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ (၄) အစာအိမ်ကင်ဆာ၊ (၅) အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ ဖြစ်ပြီး အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာများမှာ (၁) ရင်သားကင်ဆာ၊ (၂) သားအိမ်ခေါင်းကင်ဆာ၊ (၃) အဆုတ်ကင်ဆာ၊ (၄) အစာအိမ်ကင်ဆာ၊ (၅) အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ဖြစ်သည်။ သေဆုံးမှုအများဆုံး ကင်ဆာများမှာ (၁) အသည်းကင်ဆာ၊ (၂) အဆုတ်ကင်ဆာ၊ (၃) ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ (၄) အစာအိမ်ကင်ဆာ၊ (၅) အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ တို့ဖြစ်သည်။
ဓာတ်ရောင်ခြည်ကုသမှုသည် ကင်ဆာရောဂါများအတွက် အရေးပါသောကုသမှုတစ်ခု ဖြစ်ပါသည်။ ကင်ဆာရောဂါကို ပျောက်ကင်းစေခြင်း၊ ရောဂါကိုထိန်းချုပ်နိုင်ခြင်း၊ ကင်ဆာကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေခြင်းစသည်တို့ဖြင့် ကင်ဆာပျောက်ကင်းမှုနှုန်း မြင့်မားစေရေးနှင့် ကင်ဆာလူနာများ၏ လူ့ဘဝအရည်အသွေး မြင့်မားစေရေးတွင် ဓာတ်ရောင်ခြည်ကုသမှုသည် အရေးပါသောကုသမှုတစ်ခုဖြစ်ပါသည်။ ကင်ဆာ အမျိုးအစားနှင့် ရောဂါဖြစ်ပွားမှု အဆင့်အလိုက်ပေါ်မူတည်ပြီး ဓာတ်ရောင်ခြည်ကုသမှုကို သီးသန့်အသုံး ပြုနိုင်သကဲ့သို့ ခွဲစိတ်ကုသမှုနှင့် ကင်ဆာဆေးသွင်း ကုသမှုများနှင့်လည်း တွဲဖက်အသုံးပြုပါသည်။ သုတေသနလေ့လာ တွေ့ရှိချက်များအရ ကင်ဆာလူနာစုစုပေါင်း၏ အနည်းဆုံး ၅၀-၆၀ ရာခိုင်နှုန်းမှာ ဓာတ်ရောင်ခြည်ဖြင့်ကုသရန် လိုအပ်ပါသည်။ ၎င်းလူနာများထဲတွင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှာ နောက်တစ်ကြိမ် ဓာတ်ရောင်ခြည်ကုသမှု (Re-irradiation) ထပ်မံလိုအပ်နိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် မူဝါဒများ၊ ဦးတည်ချက်များကိုချမှတ်ကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုများနှင့် ကုသရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ လူနာများ ငွေကြေးကုန်ကျမှုလျော့နည်းစေရေး နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုနှင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများကိုလည်း နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ပြင်ဓာတ်ရောင်ခြည်ကုသမှုနည်းပညာ ဆိုင်ရာများနှင့် ဓာတ်ရောင်ခြည်ဝန်ထမ်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အစိုးရ-ပုဂ္ဂလိကဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာလုပ်ငန်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization - WHO)၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဓာတ်ရောင်ခြည် ကုသမှုတိုးတက်အောင်မြင်မှုများ ရရှိစေနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
၂၀၀၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဓာတ်ရောင်ခြည် ကုသမှုစင်တာလေးခုနှင့် ဓာတ်ရောင်ခြည်စက် ခြောက်လုံးသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဓာတ်ရောင် ခြည်ကုသမှုစင်တာခြောက်ခုနှင့် ဓာတ်ရောင်ခြည် စက် ၁၀ လုံး တိုးတက်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ် တွင် ဓာတ်ရောင်ခြည်ကုသမှုစင်တာ ၁၄ ခုနှင့် ဓာတ်ရောင်ခြည်စက် ၂၅ လုံးအထိ တိုးတက်လာခဲ့ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုစင်တာ ၁၄ ခုမှာ ကျန်းမာရေးဝန်ကြီးဌာနတွင် စင်တာငါးခု (၃၅ ဒသမ ၇ ရာခိုင်နှုန်း)၊ ပုဂ္ဂလိကကဏ္ဍတွင် စင်တာငါးခု (၃၅ ဒသမ ၇ ရာခိုင်နှုန်း) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စင်တာလေးခု (၂၈ ဒသမ ၆ ရာခိုင်နှုန်း) တို့ ဖြစ်ပါသည်။ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှုများ အနေဖြင့်လည်း အထက်ပါဓာတ်ရောင်ခြည်ဌာနများ၌ ၂၀၂၃ ခုနှစ် တွင် စုစုပေါင်းလူနာ ၁၀၆၆၄ ဦးအတွက် ပျမ်းမျှ ဓာတ်ရောင်ခြည်အကြိမ်ပေါင်း ၂၆၆၆၀၀ နှင့် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းလူနာ ၁၁၁၅၈ ဦးအတွက် ပျမ်းမျှဓာတ်ရောင်ခြည်အကြိမ်ပေါင်း ၂၇၈၉၅၀ ကုသမှုများ ပေးနိုင်ခဲ့ပါသည်။
ဓာတ်ရောင်ခြည်ကုသမှု နည်းပညာအနေဖြင့် သုံးဖက်မြင်ချိန်ညှိ (3DCRT -Three Dimensional Conformal Radiotherapy Technique) နှင့် ရောင်ခြည်စွမ်းအား လိုသလိုတိုးလျှော့နည်းပညာ (IMRT-Intensity-Modulated Radiation Therapy) နည်းပညာများကို ဓာတ်ရောင်ခြည် စင်တာအများစုတွင် အသုံးပြုနေပြီး လာမည့်နှစ် များတွင် ပုံရိပ်လမ်းညွှန် ဓာတ်ရောင်ခြည်နည်းပညာ IGRT (Image Guided radiotherapy) နှင့် Stereotactic body radiotherapy (SBRT) စသည့် နည်းလမ်းများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။
အချိန်တိုအတွင်း ကုသမှုပြီးစီးနိုင်သော စွမ်းအားမြှင့်ရက်တို (Hypofractionated Radiotherapy - HFRT) နည်းပညာကိုလည်း သင့်လျော်သော ကင်ဆာရောဂါအချို့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကိုလည်း လက်ရှိတပ်ဆင်လျက်ရှိသော ဓာတ်ရောင်ခြည် စက်များတွင် ပေါင်းစပ်အသုံးပြုပြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ကုသမှုများ ပိုမိုအစွမ်းထက်စေရန် ကြိုးပမ်းလျက် ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက် လျက်ရှိသော အမျိုးသားကင်ဆာကုသရေးဌာန (National Cancer Institute) ကို ၂၀၂၅ ခုနှစ် အတွင်း စတင်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ အမျိုးသားကင်ဆာကုသရေးဌာန၌ လက်ရှိကာလတွင် ဓာတ်ရောင်ခြည်စက် သုံးလုံး တပ်ဆင်လျက်ရှိပြီး စက်များအားလုံးပြီးစီးပါက နေ့စဉ်ကင်ဆာလူနာ ၃၀၀ ခန့်ကို ကုသမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့တွင် ဓာတ်ရောင်ခြည်စက် တစ်လုံးစီ ထပ်မံတပ်ဆင်သွားမည်ဖြစ်ပါသည်။ ရောဂါရှာဖွေရေးနှင့် ရောဂါ ပျံ့နှံ့မှုစိစစ်ရေးအတွက် နေပြည်တော်တွင် PET/CT စက်နှင့် Cyclotron စက် တပ်ဆင်မည်ဖြစ်ပြီး ကင်ဆာရောဂါရှာဖွေရေးနှင့် ကင်ဆာပျံ့နှံ့မှုစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
နည်းပညာကိုအခြေခံသော ဓာတ်ရောင်ခြည် ကုသမှုများသည် နေ့စဉ်နှင့်အမျှ ကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲလျက် ရှိပါသည်။ ဓာတ်ရောင်ခြည် ကုသစက်များ၊ ကုသမှုနည်းပညာများ၊ ကုသမှု ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ ကင်ဆာရောဂါ တစ်ခုချင်းစီအလိုက် နိုင်ငံတကာဓာတ်ရောင်ခြည် ကုသမှုစံနှုန်းများ လက်စွဲများတွင်လည်း တိုးတက် ပြောင်းလဲလျက်ရှိသဖြင့် ဓာတ်ရောင်ခြည်ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် ပညာသင်ကြားရေးအစီအစဉ်များကိုလည်း ကျန်းမာ ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်ပသို့ လေ့လာရေးစေလွှတ်ခြင်း၊ ပြည်ပ ပညာရှင်များဖိတ်ကြား၍ နည်းပညာဖလှယ်ခြင်း၊ ပြည်တွင်း၌ ကင်ဆာရောဂါကုသမှုဆိုင်ရာ ဆေးပညာရှင်များနှင့် အထောက်အကူပြုဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ခြင်း စသည်တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
ကင်ဆာရောဂါလူနာများ တစ်နိုင်ငံလုံးတွင် တစ်ပြေးညီမှတ်ပုံတင်နိုင်ရေးနှင့် မလိုအပ်ဘဲ မှတ်ပုံတင် ထပ်နေခြင်းများ မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတကာသုံး ကင်ဆာမှတ်ပုံတင်စနစ် (Cancer Registry)ကို တစ်နိုင်ငံလုံးရှိ ဓာတ်ရောင်ခြည်ဌာန များတွင် တစ်ပြေးညီအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ကင်ဆာဆေးမှတ်တမ်းထိန်းသိမ်း ရေးစနစ်များကိုလည်း ကွန်ပျူတာအခြေပြု ဒစ်ဂျစ်တယ်နည်းပညာစနစ်ကို အသုံးပြုရန် ကြိုးပမ်း လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံ ကြီးများတွင် ကင်ဆာဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များခန့်ထား၍ တာဝန်ထမ်းဆောင်လျက်ရှိပြီး အဆိုပါ ဆေးရုံများတွင် ကင်ဆာရောဂါလူနာများအတွက် ဆေးသွင်းကုသမှုများသာမက ကင်ဆာခွဲစိတ် ကုသမှုများကို ကင်ဆာခွဲစိတ်ဆရာဝန်များမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကင်ဆာရောဂါနာကျင်မှုနှင့် ဝေဒနာသက်သာ ပြုစုကုသမှု (Cancer Pain and Palliative care) များကို ၂၀၁၆ ခုနှစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာဌာနဖွင့်လှစ်ထားရှိပြီး ကင်ဆာရောဂါနာကျင်မှု အမျိုးမျိုးကို ကုသပေးခြင်း၊ နာကျင်မှုအပြင် ခံစားရခက်သည့် အခြားဝေဒနာအမျိုးမျိုးကို လျော့ပါးနိုင်အောင်ကုသပေးပြီး လူနာများ သက်သောင့်သက်သာဖြစ်စေရန်၊ စိတ်လူမှုရေး ပြဿနာများ လျော့နည်းစေရန် ဦးတည်ကုသပြုစုစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ရှင်သန်နေထိုင်ချိန် ဘဝအရည်အသွေး ( Quality of life) မြင့်မားစေနိုင်ရေးအတွက် ဘဝနေဝင်ချိန်များကို ရင်ဆိုင်နေရသည့် လူနာများအတွက်ကိုလည်း ဆွေးနွေးနှစ်သိမ့်အကြံပေးခြင်း (Counseling)၊ ဆေးဝါးကုသမှုပေးခြင်း၊ စိတ်လူမှုရေးဆိုင်ရာစောင့်ရှောက်ပေးခြင်း (Psychosocial care) များ ပြုလုပ်ပေးခြင်းဖြင့် နောက်ဆုံးနေဝင်ချိန် ကို ဝေဒနာနည်းစွာ( Comfort care)၊ ဂုဏ်သိက္ခာ ရှိစွာ ( Dignity Conserving care)ဖြင့် ဖြတ်သန်း နိုင်အောင် ကုသပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။
ကင်ဆာလူနာများအတွက် ရနိုင်သမျှ အကောင်းဆုံးကုသမှုများပေးနိုင်ရန်မှာ နိုင်ငံတော်၏ ပံ့ပိုးကူညီမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရား များဖြစ်ပါသည်။ စိန်ခေါ်မှုအခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသရေးကဏ္ဍ တိုးတက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသော ကြိုးပမ်းမှုများသည် နိုင်ငံ၏ကင်ဆာ ကုသရေးအနာဂတ်နှင့် ကင်ဆာလူနာများအတွက် ဘဝမျှော်လင့်ချက်များရရှိစေသည့် လက္ခဏာ ကောင်းများဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။