မြန်မာနိုင်ငံတွင် လွှတ်တော်သုံးရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ်

ကိုရွှေဦး

ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခုကျင်းပရာ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင်အခြေအနေကောင်းကို ဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့် ကျင်းပမည်ဆိုသည်က အရေးပါသော ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ ယုံကြည်စိတ်ချရခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းတို့သည် ရွေးကောက်ပွဲတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ဂုဏ်သိက္ခာ ရှိ၍ အများယုံကြည်အားထားရသည့် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ လွှတ်တော်ရွေးကောက်ပွဲများသည် နိုင်ငံတစ်ခုအတွက် အရေးအကြီးဆုံးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ဆောင် ထင်ဟပ်လျက်ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံများသည် ပိုမိုကောင်းမွန် ပြည့်စုံသည့် ရွေးကောက်ပွဲစနစ်များကို ပြုပြင်ပြောင်းလဲ ကျင့်သုံးလာကြသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံ ၁၉၃ နိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် PRs ကို ၁၁၁ နိုင်ငံက ကျင့်သုံးပြီး ဗဟုစနစ် ကျင့်သုံးသည့် နိုင်ငံ ၇၄ နိုင်ငံနှင့် အခြားရွေးကောက်ပွဲစနစ် ကျင့်သုံးသည့်နိုင်ငံ ရှစ်နိုင်ငံရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ နိုင်ငံတော်တော်များများတွင် မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် Majority Vote တွင် အားနည်းချက်များ လေ့လာတွေ့ရှိရသည့်အတွက် အချိုးကျကိုယ်စားပြုစနစ် PRs သို့ ပြောင်းလဲ ကျင့်သုံးလာခဲ့ကြသည်။

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)

အချိုးကျကိုယ်စားပြုစနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲ အပေါ်မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့် စနစ်ဖြစ်ပါသည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်တင်မြှောက်ခံနိုင်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့ဆန္ဒပြုထားသော မဲသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း ယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့် အလဟဿဖြစ်သော မဲအရေအတွက် နည်းပါးသွားမည်ဖြစ်ပါသည်။ မဲအလေအလွင့်ဖြစ်မှုလည်း ပိုမို နည်းပါးလာမည်ဖြစ်ပါသည်။ ထိုစနစ်ကြောင့် ပါတီများကို ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ ပါတီငယ်များနှင့် လူနည်းစုများကိုလည်း ကိုယ်စားပြုနိုင်ခြင်းနှင့် အများစုပါဝင်သည့် အုပ်ချုပ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပဒေပြုအဖွဲ့များတွင်လည်း ပါတီများမှ ကိုယ်စားပြုမှုများ ပါဝင်လာမည်ဖြစ်သည်။ 
အချိုးကျ ကိုယ်စားပြုစနစ်များစွာရှိသည့်အနက် ထိုစနစ်ကိုကျင့်သုံးသော နိုင်ငံများတွင် ကျင့်သုံးသည့် ပုံစံကိုခွဲခြားကြည့်ပါလျှင် အဓိကပုံစံ သုံးမျိုးခွဲခြားနိုင်ပါသည်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျ ရွေးချယ်သည့်စနစ်(Party List PR System-LPR) ပါတီ၊ အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (Mixed- Member Proportional System-MMP)နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote-STV)တို့ ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားပြုစနစ်တွင် အဓိကအသုံးပြုပုံစံ သုံးမျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) အများအပြားရှိသည့်အနက် ပါတီ အမည်ကိုမူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List PR) စနစ်တွင် စာရင်းပိတ် (Closed List)စာရင်းဖွင့် (Open List) နှင့် စာရင်းလွတ် (Free List) ဟူ၍ ပုံစံ သုံးမျိုးရှိပါသည်။ စာရင်းပိတ် (Closed List) သည် ပါတီကိုဆန္ဒပြုရမည့်ပုံစံဖြစ်ပြီး ပါတီက ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေး အစီအစဉ်အလိုက် ပြုစုပေးရပါသည်။ မဲဆန္ဒရှင်အနေဖြင့် ကိုယ်စားလှယ်ကို ရွေးချယ်ခွင့်မရှိဘဲ ပါတီကပြုစုသော ကိုယ်စားလှယ်အစီအစဉ်ကို လက်ခံရမည်ဖြစ်သည်။ စာရင်းဖွင့် (Open List) သည် ပါတီတစ်ခု တည်းကိုသာ ရွေးချယ်ခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်လောင်းကိုပါ ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ပါတီမှ ရွေးချယ်ပေးထားသော ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအစီအစဉ် တပ်ထားခြင်းမပြုဘဲ မဲဆန္ဒရှင်များက ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ စနစ် ပြောင်းလဲကျင့်သုံးရန်အတွက် လွယ်ကူရှင်းလင်းမှုအရ စာရင်းပိတ် (Closed List) နှင့် စာရင်းဖွင့် (Open List) စနစ်နှစ်မျိုးအနက်မှ ရွေးချယ်စဉ်းစားဆောင်ရွက်သင့်ပါသည်။ 

ပါတီအမည်ကိုမူတည်သည့် အချိုးကျကိုယ်စားပြုစနစ် (Party List PRs) 

ပါတီအမည်ကို မူတည်ပြီး ရွေးချယ်သည့် အချိုးကျကိုယ်စားပြုစနစ်တွင် အဓိကအသုံးပြုလျက်ရှိသည့် စနစ် သုံးမျိုးမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

ယင်းအပြင် ပါတီနှင့် အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသော အချိုးကျ ကိုယ်စားပြုစနစ်ပုံစံ (Mixed - Member Proportional System-MMP) အသုံးပြုသော နိုင်ငံများရှိသည်။ အဆိုပါပုံစံတွင် မဲဆန္ဒရှင်များသည် ပါတီအမည်ကို တစ်ကြိမ်နှင့် နှစ်သက်ရာ ကိုယ်စားလှယ်ကိုတစ်ကြိမ် ဆန္ဒမဲပေးသည့်ပုံစံ သို့တည်းမဟုတ် နိုင်သူအကုန်ယူစနစ်(FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ်ပုံစံ တစ်မျိုးမျိုးကိုအသုံးပြု၍ သတ်မှတ်အချိုးအစားအတိုင်း ကိုယ်စားလှယ်ရွေးချယ်သည့် စနစ်ပုံစံဖြစ်ပါသည်။ ထို့ပြင် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်ပုံစံ(Single Transferable Vote-STV)ကို အသုံးပြု သော နိုင်ငံများလည်းရှိသည်။ အဆိုပါ ပုံစံတွင် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်၏အဆင့်ကို သတ်မှတ် ပေးပြီး ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးရခြင်းဖြစ်ပါသည်။ ပထမ ဦးစားပေး မဲဝေစုရရှိသည့် ကိုယ်စားလှယ်လောင်းသည် သတ်မှတ်မဲအရေအတွက် Threshold ထက်ပိုနေ ပါက ရွေးချယ်ခံရပြီး အဆိုပါ Threshold ထက်ပိုသောမဲများကို မိမိနှစ်သက်သည့် ကိုယ်စားလှယ်များ ထံ ဖြန့်ဝေပေးနိုင်သော စနစ်ပုံစံဖြစ်ပါသည်။ အဆိုပါ MMP နှင့် STV ပုံစံနှစ်မျိုးသည် မဲဆန္ဒရှင်များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပြည့်ဝမှုရှိမှသာ အသုံးပြုရန် သင့်လျော်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံသားများ၏ စာတတ်မြောက်မှုအခြေအနေအရ ရှင်းလင်းလွယ်ကူသည့် ပါတီကိုသာ ရွေးချယ်ရသည့် စာရင်းပိတ် (Closed List) စနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေး စဉ်းစားဆောင်ရွက်သင့်ပါသည်။ 

မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးသင့်သည့် အချိုးကျကိုယ်စားပြုစနစ်(PRs)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် လေးကြိမ် တွေ့ဆုံ၍ ရွေးကောက်ပွဲစနစ်များကို ပြန်လည်လေ့လာသုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အချိုးကျကိုယ်စားပြုစနစ်(PRs) သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း သဘောတူတင်ပြခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့လိုက် အသေးစိတ်ထပ်မံဆွေးနွေးခဲ့ကြပြီး မဲအများဆုံးရသူအနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်(PRs)သို့ ပြောင်းလဲကျင့်သုံးရာတွင် Closed List PR ကို ကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ မိမိတို့နိုင်ငံနှင့် သင့်လျော်ကိုက်ညီသော Closed List စနစ်ကို ကျင့်သုံးမည် ဆိုပါလျှင် (၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီများ)မဲလက်မှတ်နမူနာပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်၍ မဲပေးရာတွင် ရှင်းလင်းလွယ်ကူပါမည်-

အချိုးကျကိုယ်စားပြု (Closed List)စနစ်အတွက် မဲလက်မှတ်နမူနာပုံစံ(၁)

Closed list System ကို ကျင့်သုံးမည်ဆိုပါက ပါတီအလိုက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက် ကော်မရှင်သို့ တင်ပြထားရမည်။ ပါတီများမှ ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် မဲဆန္ဒနယ်မြေအတွင်း ဥပဒေများနှင့်အညီ ကပ်ထားနိုင်သည်။

Party List PR ( Closed List ) အရ ပါတီများမှ ကြိုတင် တင်ပြထားသည့် ကိုယ်စားလှယ် ဦးစားပေးအစီအစဉ်အတိုင်း Thershold အရ ရရှိမည့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ခြင်း အကြံပြုချက်နမူနာ (ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုနယ်မြေ )

ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲတွက်ခြင်း ( Threshold )

ခိုင်လုံမဲစုစုပေါင်း

ကိုယ်စားလှယ်တစ်ဦးဖြစ်ရန်မဲ= + ၁

ကိုယ်စားလှယ်အရေအတွက် + ၁

တွက်ချက်မှုဇယား List PR ( Closed List )

၉၀၀,၀၀၀

ကိုယ်စားလှယ်တစ်ဦးဖြစ်ရန်မဲ =  + ၁ = ၁၀၀,၀၀၁

၈ + ၁

ပါတီအလိုက် အောက်ပါကိုယ်စားလှယ်များ ရွေးကောက်ခံရပါသည်-

(A)ပါတီ လွှတ်တော်ကိုယ်စားလှယ် (၃) ဦး        - ဦးအေး၊ ဦးအောင်၊ ဦးမောင်

(B)ပါတီ လွှတ်တော်ကိုယ်စားလှယ် (၂) ဦး        - ဦးတင်၊ ဦးမှန်

(D)ပါတီ လွှတ်တော်ကိုယ်စားလှယ် (၂) ဦး        - ဦးမျိုး၊ ဦးတိုး

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် (၁)ဦး    - ဦးဘ

PR စနစ်ကို ပြောင်းလဲကျင့်သုံးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိရန် လိုအပ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များကို ပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲများကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ခြင်းတို့သည် ရွေးကောက်ပွဲကော်မရှင်မှဆောင်ရွက်ရမည့် တာဝန်များပင်ဖြစ်သည်။ ထို့ပြင် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲစနစ်များ ရွေးချယ်သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ ရွေးကောက်ပွဲကော်မရှင်ကို အာဏာအပ်နှင်းထားပြီးဖြစ်ရာ အချိုးကျကိုယ်စားပြုစနစ် (PRs) ဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းကို ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။

အချိုးကျကိုယ်စားပြုစနစ် (PRs) ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၅၃၊ ပုဒ်မ ၁၆၉၊ ပုဒ်မ ၁၇၀ စသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ ပြောင်းလဲမှုမရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈ (က)အရ နိုင်ငံသား တိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။ ပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ အောက်ဖော်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသားများ ဖြစ်ကြသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊

( ခ )    ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ၊

ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြဋ္ဌာန်းချက်ပါ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ညီညွတ် မှုမရှိသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပါ။ အချိုးကျကိုယ်စားပြု (Closed List) စနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကိုထောက်ခံသည့် ဆန္ဒမဲများအရ အချိုးအစားအလိုက် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ များကို မဲအများဆုံးရသူ အနိုင်ရသည့် FPTP စနစ်ဖြင့် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ထောက်ခံမဲ ၅၆ ဒသမ ၇ရာခိုင်နှုန်းရရှိသော ပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ ၇၈ ဒသမ ၅၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ထောက်ခံမဲ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိသော ပါတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်တွင် နေရာရရှိခဲ့ပြီး လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးမှု များဖြစ်ခဲ့ရသည်။ ထိုအခါ လုပ်သင့်လုပ်ထိုက်သော ဥပဒေပြုခြင်း၊ ဥပဒေများပြင်ဆင်ခြင်းနှင့် နိုင်ငံ့အကျိုးရှေးရှုသော အဆိုများတင်သွင်း ခြင်းတို့တွင် မိမိတို့ပါတီ အသာစီးရလိုမှုများကြောင့် လွှတ်တော် များအတွင်း ပွတ်တိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများ နစ်နာခဲ့ရသည်မှာ  ငြင်းဆိုမရသည့် အကြောင်းတရားများဖြစ်ရာ သင်ခန်းစာယူရမည်ဖြစ်ပါသည်။

မည်သည့်ရွေးကောက်ပွဲစနစ်မျိုးတွင်မဆို ကျင့်သုံးဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ ရှိကြစမြဲပင်ဖြစ်ပါသည်။ ယခုအချိန်ကာလသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါပင်ဖြစ်ပါသည်။ တစ်မဲသာအနိုင်ရသည့် ရွေးကောက်ပွဲစနစ် (FPTP)ကြောင့် တစ်ပါတီအာဏာကြီးစိုးသည့် လွှတ်တော်ကိုယ်စား လှယ်အများစုဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ အုပ်ချုပ်မှုနှင့် ဥပဒေပြု ရေးကဏ္ဍများတွင် တစ်ပါတီ အာဏာရှင်ကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများ မဟုတ်ခဲ့ပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးပင် ဖြစ်သည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ပြီး  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်နိုင်ရေးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများပင် ဖြစ်ပါ သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော် သုံးရပ်လုံးတွင် ရွေးကောက်ပွဲစနစ်များကို ပြောင်းလဲဆောင်ရွက် သင့်ကြောင်း တွေ့မြင် ခဲ့ရပြီးဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရလည်း ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ဖြစ်ပေါ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုပါတီများ ယင်းတို့ကို ထောက်ခံသောဆန္ဒမဲများအရ အချိုးကျ ပါဝင်ခွင့်ရရှိနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် (PRs) ကို  လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြောင်းလဲဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။  ။