မြန်မာနိုင်ငံတွင် နည်းပညာအသုံးပြုပြီး ထုတ်လုပ်မည့် ကုန်ပစ္စည်းများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Services (MPS) Co., Ltd. တို့ ပူးပေါင်း၍

ရန်ကုန် ၂၆ ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် နည်းပညာအသုံးပြုပြီး ထုတ်လုပ်မည့် ကုန်ပစ္စည်းများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Services (MPS) Co., Ltd. တို့ ပူးပေါင်း၍ နိုင်ငံတကာ နည်းပညာပြပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပသည်။

 

 

“စက်မှုဝန်ကြီးဌာနမှာရှိတဲ့ စက်ရုံတွေကလည်း နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝင်ရောက် ပြသတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ နည်းပညာနဲ့ဆိုင်တဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက ဝင်ရောက် ပြသတယ်။ ဌာနနဲ့ လုပ်ငန်းရှင်တွေရော နိုင်ငံတကာနဲ့ရော သုံးဦးသုံးဖလှယ် အပြန်အလှန်ချိတ်ဆက်ပြီး ပြည်ပကနေ နည်းပညာအသုံးပြုပြီး ပြည်တွင်းမှာ ပို့ကုန် ထုတ်လုပ်နိုင်အောင်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်ရရှိဖို့ လုပ်တာပါ” ဟု Myanmar Promotional Services (MPS) Co., Ltd. မှ ကျင်းပရေးတာဝန်ခံ ဒေါက်တာ ဇာနည်မောင်မောင်က ပြောကြားခဲ့သည်။

 

အဆိုပါပြပွဲတွင် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို ထည့်သွင်းထားပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်/ ကောလိပ် တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပမှ တီထွင်ဖန်တီးမှု နည်းပညာကို စိတ်ဝင်စားသည့် လူငယ်များမှ ၎င်းတို့ တီထွင်ဖန်တီးထားသည့် စက်ပစ္စည်းအမျိုးမျိုးကို ဝင်ရောက် ပြသထားသည်။

 

အစိုးရ စက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) GTI မှ မောင်မင်းခန့်ထွန်းက “ဒီပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြု လာပြိုင်တာပါ။ စက်ရုံက ပစ္စည်းထုတ်လုပ်တဲ့ ပုံစံလေးတွေ လုပ်ထားတယ်။ တကယ့် စက်ရုံတွေမှာသုံးတဲ့ အရည်ဖြည့်စနစ်ပါ။ အကုန်လုံးကို အော်တိုမစ်ရှင်း စနစ်နဲ့ သွားတယ်။ စနစ်တစ်ခုလုံးကို ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတယ်။ ဒီလိုပြပွဲတွေမှာ ကိုယ်တီထွင်ထားတာတွေကို ပြသခွင့်ရသလို တခြားသူတွေ တီထွင်ထားတာတွေကိုလည်း လေ့လာခွင့်ရပါတယ်” ဟု ပြောပြခဲ့သည်။

 

ထို့အတူ အစိုးရ စက်မှုလက်မှုသိပ္ပံ (ချောက်) GTI ကျောင်းမှ မောင်ငြိမ်းချမ်းက “စက်မှုကျောင်းသားတွေမှာ စမ်းသပ်တီထွင်တဲ့ အိပ်မက်တွေရှိတယ်။ ဒီလိုပြပွဲမှာ ထုတ်ဖော်ပြသခွင့်ရတယ်။ တခြားသူတွေ တီထွင်ပြသ ထားတာတွေကိုလည်း လေ့လာခွင့်ရတယ်”ဟု ပြောပြခဲ့သည်။

 

တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို ကျင်းပခြင်းဖြင့် ပြည်တွင်းမှာသာမက ပြည်ပတွင်ရှိသည့် စက်ရုံများ၊ နည်းပညာနှင့် ပတ်သက်သည့် ကုမ္ပဏီများ၊ နည်းပညာကျောင်းများသို့ လေ့လာရေး၊ ဆက်လက် ပညာသင်ကြားရေးအတွက်ပါ အထောက်အကူပြုနိုင်ရန် ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း ကျင်းပရေး တာဝန်ခံက ပြောကြားခဲ့သည်။

 

 

ပြပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ဆိုင်ခန်းပေါင်း ၁၀ဝ ကျော်ဖြင့်   ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ ထုတ်လုပ်ထားသည့် နည်းပညာနှင့် ပတ်သက်သည့် စက်ပစ္စည်းများကို ပြသထားပြီး မည်သူမဆို လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

 

သတင်း - မင်းသစ်(MNA) ဓာတ်ပုံ - ရဲထွဋ်