မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်းသီချင်းဆို ပြိုင်ပွဲပြုလုပ်မည်

ရန်ကုန် ဇွန် ၂၅

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် T-Pop Star Challenge, Myanmar အမည်ဖြင့် ထိုင်းသီချင်းဆို ပြိုင်ပွဲပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးက အသိပေးထားကာ အဆိုပါ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၏ အကြီးဆုံးဖျော်ဖြေရေး ကုမ္ပဏီများ ဖြစေ်သည့် GMM Grammy နှင့်  GMMTV တို့က ပံပိုးကူညီထားကြောင်း သိရသည်။

ထိုင်းအစိုးရ၏ “နိုင်ငံခြားတိုင်းပြည်များတွင် ထိုင်းနိုင်ငံ၏ soft power ကိုမြှင့်တင်ရမည်” ဟူသော ပေါ်လစီနှင့်အညီ မြန်မာနိုင်ငံသားများအကြား ထိုင်းဂီတနှင့် ထိုင်းဘာသာ စကားကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ အဆိုပါ အချက်အပြင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အရေးပါသော အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသား များစွာတို့သည်လည်း ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသကဲ့သို့ ထိုင်းဂီတနှင့် ထိုင်းရုပ်ရှင်၊ ဇာတ်လမ်းတွဲများကိုလည်း ကြိုက်နှစ်သက်လျက်ရှိကြောင်း T-Pop Star Challenge, Myanmar က ဆိုထားသည်။

ပြိုင်ပွဲတွင် ဆုရရှိသူသည် ငွေသား အမေရိကန်ဒေါ်လာ ၃၅၀၀ နှင့် ဆုတံဆိပ်ကို ရရှိမည်ဖြစ်ကာ ပြိုင်ပွဲဝင်လိုသူသည် အသက် (၁၈)နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် GMM group အောက်တွင် လိုင်စင်ရယူထားသော နှစ်သက်ရာ တေးသီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ မိမိအသံတစ်သံတည်းဖြင့်သီဆို၍ မျက်နှာလည်း ကြည်လင်ပြတ်သားစွာပါသည့် ဗီဒီယိုရိုက်ကူးကာ www.tpopstar.com သို့  ဇွန် ၂၂ ရက်မှ ဇူလိုင်  ၃၁ ရက်အတွင်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ဇကာတင်ပြိုင်ပွဲဝင် ၁၂ ဦး၏ အမည်စာရင်းကို ဩဂုတ်  ၁၀ ရက်တွင် ကြေညာမည် ဖြစ်ကာ ရန်ကုန်မြို့ရှိ Junction City ဈေးဝယ်စင်တာ၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ  ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် ဆီမီးဖိုင်နယ်ပြိုင်ပွဲနှင့် ဖိုင်နယ်ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကာ အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့လာရောက်ပြီး ပါဝင်ယှဉ်ပြိုင်သီဆိုရမည့် ဆန်ကာတင်ပြိုင်ပွဲဝင်များအတွက် လမ်းစရိတ်နှင့် တည်းခိုစရိတ်များကို တာဝန်ယူပေးမည် ဖြစ်ကြောင်းလည်း ပြိုင်ပွဲမှ သိရသည်။

အဆိုပါပြိုင်ပွဲစဉ်များတွင် GMM Grammy နှင့် GMMTV အောက်ရှိ ထိုင်းအနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များက အကဲဖြတ်ဒိုင်လူကြီးများနှင့် အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

MT