မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂) ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံ့စီးပွားရေး ခိုင်မာတောင့်တင်းစေရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဥပဒေများခိုင်မာအား ကောင်းရန်လိုအပ်ပါကြောင်း၊ ဥပဒေကို စတင်ရေးဆွဲခဲ့သည့် အချိန်နှင့် လက်ရှိအချိန်တို့အကြား ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပါက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။

 

ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေများကို ရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  ယှဉ်ပြိုင်မှုဥပဒေများအကြား မတူကွဲပြားမှုများ၊ တူညီမှုအခြေအနေများကို လေ့လာကြည့်ရှုပြီး မိမိတို့ကော်မရှင်အနေဖြင့် ကြုံတွေ့ခဲ့သော အတွေ့အကြုံများမှ တစ်ဆင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ယခင် (၁/၂၀၂၁)ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှု အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များနှင့်စပ်လျဉ်း၍ ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)