မြန်မာနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းမည်

၂၄ စက်တင်ဘာ


၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်တို့၏ ညိနှိုင်းမှုအရ ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၁၁၊ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေး သို့မဟုတ် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။


နှစ်သင်းစလုံး အာရှခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ရန် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး လက်ရှိတွင် ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ကစားပြီးနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲ ကစားခြင်းမရှိတော့ဘဲ အောက်တိုဘာမှသာ ပြန်လည်ကစားမည် ဖြစ်သည်။


မြန်မာအသင်းသည် ယင်းခြေစမ်းပွဲတွင် စင်ကာပူကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ကစားသမားအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။


၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(က) တွင်မူ အိမ်ရှင်ထိုင်း၊ မြောက်ကိုရီးယား၊ ဩစတြေးလျနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်