မြန်မာနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ဇွန် ၇ ရက် ခြေစမ်းပွဲကစားမည်

ရန်ကုန် ၄ ဇွန်

 


အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းမှုအရ ယင်းခြေစမ်းပွဲကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပခြင်းဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းပြီး ဒုတိယမြောက် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲလည်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် မေ ၂၁ ရက်က စတင်လေ့ကျင့်ခဲ့ပြီး ပထမဆုံးခြေစမ်းပွဲအဖြစ် မေ ၃၀ ရက်က တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 


မြန်မာ ယူ-၂၂ အသင်း စတင်လေ့ကျင့်သည့်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကျင်းပသည့် ကာလဖြစ်နေသောကြောင့် ကစားသမားအစုံအလင် လေ့ကျင့်နိုင်သည့်ရက် နည်းပါးခဲ့ပြီး ဆီမီးဖိုင်နယ် ဒုတိယအကျော့ပြီးဆုံးသည့် ဇွန် ၃ ရက်မှ လူစုံပြန်လည်လေ့ကျင့်နိုင်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ဇွန် ၅ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး အကျိုးရှိသည့် ခြေစမ်းပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချလျက်ရှိပြီး ဗီယက်နမ်ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်