မြန်မာနှင့် ကိုရီးယား ပူးပေါင်းရိုက်ကူးသည့် မြန်မာနိုင်ငံ၏ပထမဆုံး 3D ရုပ်ရှင် “ကြီးမြတ်သောမြန်မာ” ကို ဩဂုတ် ၁၅ ရက်တွင် စတင် ရုံတင်ပြသမည်

၇ သြဂုတ်

မြန်မာနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းရိုက်ကူးထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင်ကားဖြစ်သော ကြီးမြတ်သော မြန်မာ (The Greatest Myanmar) ရုပ်ရှင်ကို ဩဂုတ် ၁၅ ရက်တွင် စတင် ရုံတင်ပြသသွားမည်ဖြစ်သည်။

ကြီးမြတ်သောမြန်မာ ဇာတ်ကားသည် ပုဂံခေတ် မြန်မာ့သမိုင်းကို အခြေခံရင်း Docufiction ရုပ်ရှင်ဆန်ဆန် ကြီး ကျယ်ခမ်းနားစွာ ရိုက်ကူးတင်ပြထားကာ 3D ဇာတ်ကားဖြစ်သောကြောင့် ဇာတ်ကား၏ special screening ကို မြင်တွေ့ ရမည်ဖြစ်သလို ယင်းဇာတ်ကားကို မြန်မာ့ရုပ်ရှင်သမိုင်း၌ တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးသည့် တင်ဆက်မှုပုံစံမျိုးနှင့် တင်ဆက်ထားကြောင်း သိရသည်။

အဆိုပါရုပ်ရှင်တွင် အနော်ရထာမင်းကြီးအဖြစ် ပါဝင်သရုပ် ဆောင်ထားသည့် အကယ်ဒမီ ရဲအောင်က “ဒီကားကြီး စရိုက်မယ်ဆိုကတည်းက ကိုရီးယားက ဒါရိုက်တာတွေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က အနုပညာပိုင်းဖန်တီးတဲ့ပညာရှင်တွေ တွေ့ကြတယ်၊ နောက်ပြီး MRTV-4 က ကျွန်တော်တို့ကို ဝတ်စား ဆင်ယင်မှုပုံစံကအစ သေချာခေါ်ပြီး အစမ်းလေ့ကျင့်ကြတာပေါ့နော်၊ ပြီးတော့ ဇာတ်ကားက ရာဇဝင်ကားကြီးဆိုပေမယ့် မြန်မာ့သမိုင်းရဲ့ တကယ်အစစ်အမှန်ရှိခဲ့တဲ့ဟာကို ပြန်ရိုက်ရတာလေ၊ အဲဒီတော့ အမှားအယွင်း တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ရတာပေါ့နော်၊ ပြီးတော့ ကျွန်တော်တို့ ပါရတယ်ဆိုတာကလည်း ဇာတ်ကားရဲ့ သုံးပုံပုံ တစ်ပုံလောက်ပဲ ရှိတယ်၊ အနော်ရထာ မင်းကြီးရယ်၊ မဏိစန္ဒာမင်းသမီးရယ်၊ ကျန်စစ်သားမင်းရယ် ဒီလောက်ကိုပဲ ကျွန်တော်တို့က လုပ်ရတာ။ ပုဂံဆိုပြီး စတင်ဖြစ်ပေါ်လာတာနဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာထွန်းကား လာတဲ့အကြောင်းကို ရိုက်ပြတာပါ၊ ဒီကားကိုကြည့်တယ် ဆိုရင် လူငယ်တွေ မြန်မာနိုင်ငံရဲ့ ကြီးမြတ်မှုတွေကို မြင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီကားက မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ဇာတ်ကားကြီးလည်းဖြစ်တယ်၊ ဒီလိုကားမျိုးတွေ မြန်မာပြည်မှာ များများရိုက်သင့်ပါတယ်၊ အခုဆို မြန်မာနိုင်ငံကို ပုဂံကြောင့် ကမ္ဘာကပိုစိတ်ဝင်စားလာတာကိုလည်း တွေ့နိုင်ပါပြီ” ဟု ပြောသည်။

ကြီးမြတ်သော မြန်မာဇာတ်ကားကြီးကို Forever Group နှင့် ကိုရီးယားနိုင်ငံ Education Broadcasting System(EBS) တို့ ပူးပေါင်းထုတ်လုပ်ရိုက်ကူးခြင်းဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် ရဲအောင်၊ နိုင်းနိုင်း၊ ထိုက်စံမော့စ်၊ ဝါဆို မိုးဦး၊ ဂျူးဂျူးကေ၊ မြတ်သူသူဇင်၊ စိုင်းညီညီနှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

သရုပ်ဆောင် ဝါဆိုမိုးဦးက “ဒီဇာတ်ကားအတွက် ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ သဘာဝအလှအပတွေကို လာရိုက်သွားတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီရိုက်ကူးမှုထဲမှာ ကိုယ့်နိုင်ငံရဲ့ ရှင်ဘုရင်စနစ်တွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ဂုဏ်ယူစရာ တင်ဆက်ထားတာမို့ အလွန်ကောင်းမယ့် ဇာတ်လမ်းတစ်ခုပါပဲ၊ အဝတ်အစားပိုင်းကအစ အပြောအဆို၊ အနေအထိုင်၊ တင်ဆက်ရိုက်ကူးမှု အားလုံးမှာ ကိုရီးယားနိုင်ငံက ပညာရှင်တွေ၊ ရုပ်သံပညာရှင်တွေနဲ့ ပူးတွဲဆောင်ရွက်ခဲ့ရတော့ တကယ်ကို ပညာတွေရခဲ့ပါတယ်၊ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိစေမယ့်ဇာတ်ကားမို့ ဝါဆိုကတော့ ဂုဏ်ယူပါတယ်” ဟု ပြောသည်။

အဆိုပါ ဇာတ်ကားကြီးကို ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လာရောက် ရိုက်ကူးသွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်ကြီးတွင်လည်း ပြသသွားခဲ့ကြောင်း သိရသည်။ 

ကိုလင်း