မြန်မာနှင့် ကိုရီးယား ပူးပေါင်းရိုက်ကူးထားသည့် ‘တန်ဖိုး’ ရုပ်ရှင်ကားကို စက်တင်ဘာလထဲတွင် ရုံတင်ပြသမည်

မြန်မာနှင့် ကိုရီးယား အနုပညာရှင်များ ပူးပေါင်းရိုက်ကူးထားသော တန်ဖိုးရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၂ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသသွားမည်ဖြစ်ကာ အဆိုပါဇာတ်ကားတွင် ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။

“ဒီဇာတ်ကားက ဘဝမှာ ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေကို ရင်ဆိုင်ကျော် ဖြတ်နေရတဲ့သူတွေရဲ့ တစ်ယောက်ချင်းစီဘဝကို ပုံဖော်ထားတာပါ၊ ကိုရန်လေးက ဒီကားမှာ လူဆိုးဂိုဏ်းစတားတစ်ယောက်၊ ဘိန်းဖြူရောင်းတဲ့သူ၊ သူ့ဆီမှာ အေးမြတ်သူနဲ့ မမို့တို့က ဘိန်းဖြူတွေယူပြီး လိုက်ပို့ပေးရတာပေါ့၊ ဒုစရိုက်မှုတွေကိုကျူးလွန်ရင်း ဘဝကို ဖြစ်သလိုဖြတ်သန်းနေတဲ့ အမျိုးသမီးနှစ်ယောက်ပေါ့၊ သူတို့ဘဝတွေက မကောင်းမှုတွေလုပ်ရင်း ရေစုန်မျောရင်း အမှားတွေ အကြိမ်ကြိမ်ကျူးလွန်နေခဲ့မှန်းမသိ ဖြစ်ခဲ့ကြတယ်၊ အဓိကကတော့ မမို့နဲ့ အေးမြတ်သူတို့ရဲ့ ဇာတ်ဝင်ခန်းကို ဒီကားမှာ အများဆုံး တွေ့ရမှာပေါ့၊ အားလုံးကလည်း သူ့နေရာနဲ့သူတော့ အကောင်းဆုံးတွေ လုပ်ဆောင်ထားကြတာပါပဲ၊ ပရိသတ်အတွက်လည်း ဒီကားလေးကနေ အသိပညာ တွေရစေမှာပါ၊ လူတွေက ကောင်းတဲ့အလုပ်ဆို ငွေရှာရတာ ခက်ခဲတယ်။ ပင်ပန်းတယ်လို့ ထင်ကြတယ်၊ မကောင်းတဲ့ ဒုစရိုက်အလုပ်ကျတော့ လွယ်လွယ်နဲ့ ပိုက်ဆံ ရှာနိုင်တယ်၊ အဲဒီတော့ ရှေ့မှာဘာကြီးတွေပဲရှိပါစေ၊ မမြင်တော့ဘူး၊ နောက်ဆုံး ဘဝ နေဝင်ချိန်တွေကျတော့ မလှတော့ဘူး၊ အဲဒီသဘောလေးတွေကို ဒီကားမှာ တွေ့ရမှာပါ၊ ထွန်းထွန်းကိုလည်း ဒီကားမှာ မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့ ခါးပိုက် နှိုက်တစ်ယောက်အဖြစ် တွေ့ရမှာပါ” ဟု အဆိုပါဇာတ်ကားကို ဖန်တီးသူတစ်ဦးက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ကိုရီးယားနိုင်ငံသား ရုပ်ရှင်အတတ်ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံသား ဒါရိုက်တာ ဂျွန်လရော်က ဦးဆောင်ရိုက်ကူးထားကာ ဇာတ်လမ်းမှာလည်း ဂျွန်လရော်၏ ဇာတ်လမ်းဖြစ်သည်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဆုရရှိထားသည့် ကချင် ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဂျွန်လရော်သည် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Chung Ang တက္ကသိုလ်၌ Film Making ပညာကို သင်ယူပြီးမြောက် ထားသူဖြစ်ပြီး ၄င်းရိုက်ကူးသော The Confession  ဆိုသည့် ဘာသာရေးဇာတ် လမ်းတိုသည် ၂၀၁၆ ခုနှစ်က ရောမမြို့ ၌ ကျင်းပသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခု တွင် The Best Short Film  ဆုကို ရရှိခဲ့သလို The Opium War ဆိုသည့် ဇာတ်လမ်းကိုလည်း Madrid International ရုပ်ရှင်ပွဲတော်၌ ပြသခွင့်ရရှိခဲ့ကြောင်း သိရသည်။

ကိုလင်း