မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင် ပေးရန် အခန်းကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်

သတင်းအဖွဲ့

 

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်ဇနီး ကင်မ်ဂျောင်းဆုတို့၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်-

မေး။ စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ နိုင်ငံတော် အဆင့် ခရီးစဉ်နဲ့ပတ်သက်ပြီး ပဏာမ ရှင်းလင်းပြောကြား ပေးစေလိုပါတယ်။

ဖြေ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ရဲ့ ဖိတ်ကြားချက်အရ တောင်ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်း နဲ့ ဇနီးတို့ဟာ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ နိုင်ငံတော် အဆင့်တရားဝင် ခရီးစဉ်လာရောက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတ မစ္စတာ မွန်ဂျေအင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး နိုင်ငံတော်သမ္မတ အိမ်တော်မှာ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတ မစ္စတာ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး ခရီးစဉ် ဖြစ်သလို ၂၀၁၂ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယားသမ္မတတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့တဲ့ သမိုင်းဝင် ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

မေး။ တောင်ကိုရီးယားသမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်မှု တို့နဲ့ပတ်သက်ပြီး ထူးခြားချက်တွေရှိရင်လည်း ရှင်းလင်းပြောကြား ပေးစေလိုပါတယ်။

ဖြေ။ ခရီးစဉ်အတွင်း သမ္မတ မစ္စတာ မွန်ဂျေအင်းဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အနာဂတ်မှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး လုပ်ငန်းစဉ်များကို နှစ်ဖက်ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဆိုင်ရာ၊ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်မယ့် စင်တာ (Korean Desk) ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကုန်စည်ပို့ဆောင်ရေး၊ သင်္ဘောကျင်းလုပ်ငန်း မြှင့်တင်ခြင်း၊ ဆိပ်ကမ်းဖွံ့ ဖြိုးတိုးတက်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ၊ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ခြောက်ခုကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ခရီးစဉ်ရဲ့ ရလဒ်တစ်ခုအနေနဲ့ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား နိုင်ရေးအတွက် လာရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာ-တောင်ကိုရီးယား စီးပွားရေးဖိုရမ်ကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၄ ရက်က ကျင်းပခဲ့ရာမှာ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် စုစုပေါင်းလူဦးရေ ၅၀ဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံ နိုင်စေဖို့ အကျိုးဖြစ်ထွန်းစေမယ့် ဖိုရမ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံလှည်းကူး မြို့နယ်မှာ အကောင်အထည်ဖော်ဆောင်သွားမယ့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (Korea-Myanmar Indu- strial Complex- KMIC)  စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကိုလည်း သမ္မတ မစ္စတာ မွန်ဂျေအင်းနဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

မြန်မာလုပ်သားများ ပိုမိုတိုးမြှင့်ခေါ်ယူရေး
ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာန တွေအကြား Emplo- yment Permit System (EPS)  သဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာလုပ်သားများ ပိုမိုတိုးမြှင့်ခေါ်ယူသွားဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာ ရပ်ခံခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းကလည်း မြန်မာလုပ်သားများဟာ အလုပ်အကိုင် ကြိုးစားကြပြီး သင်ယူတတ်မြောက် လွယ်ကူကြကြောင်း၊ ၎င်းတို့ရဲ့ လုပ်အားဟာ တောင်ကိုရီးယား နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် အထောက်အကူ ပြုစေတဲ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မေတ္တာရပ်ခံချက်ကို စဉ်းစားပေး သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အလားတူ ၂၀၂၀ ပြည့်နှစ်မှာ နှစ်တစ်ရာပြည့်မြောက်မယ့် မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက်လည်း တောင်ကိုရီးယားနိုင်ငံက လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအထိမ်းအမှတ်နဲ့ ဆက်စပ်ပြီး နှစ်နိုင်ငံ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

မေး။ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial Complex-KMIC) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မယ်ဆိုတာကိုလည်း ရှင်းပြပေးစေ လိုပါတယ်။

ဖြေ။ လှည်းကူးမြို့နယ်မှာရှိတဲ့ အကျယ်အဝန်း မြေဧက ၅၀ဝ ကျော်မှာ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ကို အကောင်အထည်ဖော်ဆောင်သွားဖို့ ရှိပါတယ်။ KMIC စက်မှုဇုန်ကို နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်တစ်ခုအဖြစ် ဖော်ဆောင်ပြီး တောင်ကိုရီးယားနိုင်ငံမှ မော်တော်ကား တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများနဲ့ အခြား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ရှိပါတယ်။ အဆိုပါစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းခန့် ဖန်တီးပေးနိုင်မှာ ဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေကို မြန်မာနိုင်ငံသားများအနေနဲ့ လေ့လာသင်ယူခွင့်ရရှိမှာ ဖြစ်ပါ တယ်။ တောင်ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများ မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ အခါမှာလည်း ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် KMIC စက်မှုဇုန် ဖော်ဆောင်ပြီးစီးပါက မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ပမာဏ တိုးတက်လာမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ KMIC စက်မှုဇုန်ဟာ နာဂတ်ကာလမှာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အခြေခံစခန်း အဖြစ်လည်းကောင်း၊ ပြည်ပပို့ကုန် အခြေစိုက်ရာ နေရာအဖြစ်လည်းကောင်း၊ နည်းပညာ လွှဲပြောင်းပေးအပ်ရေးနဲ့ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးရာနေရာအဖြစ် လည်းကောင်း၊ လူမှုစီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် အထောက်အကူပေးတဲ့ နေရာအဖြစ် လည်းကောင်း ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။

မေး။ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ပြောကြားပေးစေ လိုပါတယ်။

ဖြေ။ တောင်ကိုရီးယားနိုင်ငံဟာ အာရှဒေသရဲ့ စတုတ္ထမြောက် စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံက မော်တော်ကားနဲ့ အခြားစက်ပစ္စည်း စက်ရုံများ၊ လူသုံးကုန်ပစ္စည်း စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့အတွက် မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင ်အခွင့်အလမ်းတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၃၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၆ သန်းခန့် ရှိပါတယ်။ တောင်ကိုရီး ယားနိုင်ငံမှ လုပ်ငန်းစီမံကိန်း ၁၇၇ ခုဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ လာရောက် ရင်းနှီးြ မှုပ်နှံထားပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆဋ္ဌမမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှ ဟွန်ဒိုင်း (Hyundai)  မော်တော်ကား ကုမ္ပဏီဟာ မကြာသေးမီက မြန်မာနိုင်ငံမှာ မော်တော်ယာဉ် တပ်ဆင်ရေးစက်ရုံများ တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံမှု စတင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှ အထည်ချုပ် စက်ရုံများနဲ့ ဖိနပ်စက်ရုံများလည်း လာရောက် ရင်းနှီးမြှုပ်နှံထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ထပ်မံတိုး
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်မှု တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် တောင်ကိုရီးယားနိုင်ငံသား ခရီးသွား ဧည့်သည်တွေကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ဗီဇာကင်းလွတ်ခွင့် တစ်နှစ်စမ်းသပ်ခွင့်ပြုခဲ့ရာမှာ တောင်ကိုရီးယား ခရီးသွားဦးရေ ၈၅ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား နိုင်ငံသား ခရီးသွားများ မြန်မာနိုင်ငံကို ပိုမိုလာရောက်နိုင်စေဖို့ တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်အတွင်း မြန်မာဘက်မှ ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံ တိုးမြှင့်ပေးကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယားသမ္မတနိုင်ငံရဲ့ ကူအညီနဲ့ မြန်မာဖွံ့ ဖြိုးမှုအဖွဲ့အစည်း (Myanmar Development Institute)၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)၊ တည်ဆောက်ရေးစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာ ဖွံ့ဖြိုးမှုအဖွဲ့အစည်း (MDI)ဟာ မြန်မာနိုင်ငံရဲ့ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာနိုင်ငံ စီးပွားရေး မူဝါဒချမှတ်တဲ့ နေရာတွေမှာ များစွာအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတား (ဒလ) တည်ဆောက်ပြီးစီးသွားရင် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာနဲ့ ဒလမြို့တို့ကို လွယ်ကူစွာ ဆက်သွယ် သွားလာနိုင်မှာဖြစ်လို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယင်းဒေသနဲ့ ဒေသနေ ပြည်သူများရဲ့ လူမှုဘဝ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာဖြစ်သလို စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆဲလ်မာအွန်းဒုံး (ကျေးရွာသစ်စီမံကိန်း) အောက်မှကျေးရွာ ၁၀ဝ ကျော်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်မှ ကျေးရွာငါးရွာမှာလည်း စီမံကိန်းစတင် အကောင်အထည်ဖော် လျက်ရှိပါတယ်။ ဒီစီမံကိန်းတွေဟာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာ
မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်လို့ ၂၀၂၀ ပြည့်နှစ်မှာ သံတမန်ဆက်ဆံမှု (၄၅) နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။သံတမန်ဆက်ဆံရေး စတင်ထူထောင် ခဲ့တဲ့ (၄၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံလုံးမှာ ကျင်းပသွားဖို့ ခရီးအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရေစီ အစိုးရသစ် စတင် တာဝန်ယူခဲ့တဲ့ ချိန်ကစပြီး မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာခဲ့ပါတယ်။ လက်ရှိ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး အနေနဲ့ နှစ်နိုင်ငံအစိုးရနဲ့ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန်သွားလာ မှုများသာမက ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများလည်း ပိုမိုများပြားလာခဲ့ပါတယ်။ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ယခင်ကထက် ပိုမိုတိုးတက်လာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ တောင်ကိုရီးယား အစိုးရက အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိတဲ့ ကိုရီးယားကျွန်းဆွယ် ထာဝရငြိမ်းချမ်းရေးနဲ့ နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ် အောင်မြင်စေရန် ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုခဲ့ပြီး အောင်မြင်မှုတွေရမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Myanmar Sustainable Development Plan) နဲ့ တောင်ကိုရီးယားအစိုးရရဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ် (New Southern Policy)တို့မှာ ပါဝင်တဲ့ ပြည်သူ၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို အခြေခံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းနိုင်ရေးအတွက် မြန်မာ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တောင်ကိုရီးယားအစိုးရက အသိအမှတ်ပြုပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြုသဘောဆောင်တဲ့ အကူအညီများ ပေးအပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်း အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒသစ်တစ်ခုဖြစ်တဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်အရ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖော်ဆောင်လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံတို့အကြား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကိုလည်း တွန်းအားပေးတဲ့ အင်အားသစ်တစ်ခု ဖြစ်စေပါ တယ်။ ယင်းမူဝါဒရဲ့ အကောင်အထည်ဖော် ဆောင်မှုတစ်ရပ်အနေနဲ့ သမ္မတ မစ္စတာ မွန်ဂျေအင်းဟာ ၎င်းရဲ့ သမ္မတ သက်တမ်းကာလအတွင်း အာဆီယံ ၁၀ နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ရာ ယခုမြန်မာနိုင်ငံ ခရီးစဉ်အပါအဝင် အာဆီယံနိုင်ငံ ကိုးနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံကနေ လာအိုနိုင်ငံကို ဆက်လက် သွားရောက်မှာဖြစ်လို့ အာဆီယံနိုင်ငံ များအားလုံးသို့ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံဟာ တောင်ကိုရီးယား နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံဟာ အာဆီယံရဲ့ ပဥမမြောက် အကြီးဆုံး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ပြုလုပ်မယ့် အာဆီယံ-တောင်ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးနှစ် (၃၀)ပြည့် အထိမ်းအမှတ် အာဆီယံ-တောင်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲနဲ့ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဖို့ သမ္မတ မစ္စတာ မွန်ဂျေအင်းက ဖိတ်ကြားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်ဖွဲ့ ပါဝင်တက်ရောက်သွားဖို့ ရှိပါတယ်။ ယင်းထိပ်သီးအဆင့် အစည်းအဝေးနှစ်ခုက ထွက်ပေါ်လာမယ့် ရလဒ်များဟာ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန် ပိုမိုမြင့်တက်လာစေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အနာဂတ်ကာလမှာ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖော်ဆောင်ပေးဖို့ အခန်းကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ပြောကြားလိုပါတယ်။    ။