မြန်မာနှင့် တရုတ်လက်ရွေးစင်အသင်း တရုတ်နိုင်ငံ၌ ခြေစမ်းမည်

၂၈ ဇူလိုင်


စက်တင်ဘာတွင် စတင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ်လက်ရွေးစင်အသင်းသည် သြဂုတ် ၃၀ ရက်တွင် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သောကြောင့် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး နှစ်နှစ်ဆက်တိုက် တရုတ်နိုင်ငံ၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလက ကစားသည့်ခြေစမ်းပွဲတွင် တရုတ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တရုတ်လက်ရွေးစင်အသင်းကို နာမည်ကြီးနည်းပြ မာဆယ်လိုလစ်ပီက ကိုင်တွယ်နေပြီး တရုတ်အသင်းမှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် ကစားရမည့် ခြေစစ်ပွဲအတွက် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး နည်းပြသစ် ရာဒူလိုဗစ်၏ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ ရာဒူလိုဗစ်လက်ထက်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲသာ ကစားရသေးပြီး ဇွန် ၁၁ ရက်က စင်ကာပူနိုင်ငံ၌ ကစားသည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
 

မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု (F) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ ပွဲစဉ်များအဖြစ် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ