မြန်မာ့ပြောင်းဈေးကွက် အတက်ဈေးနှုန်းဖြင့် ဆက်လက်တည်ငြိမ်နေ

ဒီဇင်ဘာ ၂၂

 

မြန်မာ့ပြောင်းဈေးကွက်မှာ အတက်ဈေးနှုန်းဖြင့် ဆက်လက်တည်ငြိမ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

 

“လက်ရှိမှာ ပြောင်းဈေးကွက်က အတက်အကျ ကြီးကြီးမားမား မရှိဘူး။ ပြောရရင်တော့ ဈေးနှုန်းက အတက်ဘက်မှာရောက်ပြီးမှ အဲ့ဒီအနေအထားအတိုင်းလေးပဲ တည်ငြိမ်နေတယ်။ ဒီနှစ်ရဲ့ ပြောင်းအထွက်နှုန်းတွေကလည်း ပုံမှန်အတိုင်းပဲ ထွက်တယ်။ ပြောင်းစိုက်ထားပြီး မရိတ်သိမ်းရသေးတဲ့ နေရာတွေကလွဲပြီး ကျန်တာတွေက ပုံမှန်အတိုင်း လည်ပတ်နေတာပါပဲ"ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။

 

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်း (တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် ပြောင်း)ကို စိုက်ပျိုးမြေဧက (၁၂)သိန်းခန့် နှစ်စဉ်စိုက်ပျိုးနေပြီး စုစုပေါင်းထုတ်လုပ်မှုမှာ မက်ထရစ်တန် (၂၃)သိန်းမှ (၂၇)သိန်းဝန်းကျင်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မိုးပြောင်း ၇၈ % ၊ ဆောင်းပြောင်း ၁၇ % နှင့် နွေ ရေသွင်းပြောင်း ၅ % ခန့် ရှိသည်။

 

မိုးပြောင်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ် မေလ၊ ဇွန်လ၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးထုတ်လုပ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆောင်းပြောင်းကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် ရိတ်သိမ်းကြသည်။

 

နွေရေသွင်းပြောင်းများကိုမူ မြင်းခြံ၊ ပခုက္ကူ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ ဆီဆိုင်၊ လွိုင်ကော်၊ နေပြည်တော်၊ ပျဉ်းမနား၊ ရေနီ စသည့် ဒေသများတွင် မတ်လ၊ ဧပြီလတို့၌ စိုက်ပျိုးကြပြီး ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် ရိတ်သိမ်းခြွေလှေ့ကြသည်။

 

“ဒီရာသီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ပြောင်းထွက်ရှိတဲ့ ရာသီချိန်ပါ။ အခုက တရုတ်ဈေးကွက်ဘက်ကို သိပ်မသွားဘူးဆိုတော့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဈေးကွက်တွေကို တင်ပို့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကိုက ရေကြောင်းလိုင်းကနေ တင်ပို့ရောင်းချတယ်။ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ကိုတော့ Border Trade ကတစ်ဆင့် တင်ပို့ရောင်းချပါတယ်”ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းအရ အစေ့ထုတ်ပြောင်း Export တင်ပို့မှု ၂ ဒသမ ၂ သန်းအထိ တင်ပို့နိုင်ခဲ့သည်။

 

နန်းထက်ထက်ချစ်