မြန်မာဖူဆယ်အသင်း အာဆီယံ ဖူဆယ် ပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် ဗီယက်နမ်နှင့် ကစားရမည်

ရန်ကုန်   ဧပြီ   ၄

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (က) တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မြန်မာ၊ တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲစဉ်များကို ဧပြီ ၂ ရက်တွင် စတင်ကျင်းပခဲ့သော်လည်း အုပ်စု (က) ပွဲစဉ်များကိုသာ ပြုလုပ်နေကာ မြန်မာအသင်းပါဝင်သော အုပ်စု (ခ) ပွဲစဉ်များကို ဧပြီ ၄ ရက်မှ စတင်ကျင်းပခြင်းဖြစ်သည်။ ဧပြီ ၄ ရက်တွင် အုပ်စုပွဲများအဖြစ် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဗီယက်နမ်နှင့် မြန်မာ၊ မွန်းလွဲ ၁၂ နာရီခွဲတွင် တီမောနှင့် သြစတြေးလျ၊ မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားနှင့် မလေးရှား၊ ညနေ ၄ နာရီခွဲတွင် ဘရူနိုင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် ဗီယက်နမ်၊ ဩစတြေးလျတို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမပွဲတွင် ဗီယက်နမ်၊ ဒုတိယပွဲတွင် ဩစတြေးလျတို့နှင့် တွေ့ဆုံနေရာ ယင်းနှစ်ပွဲမှာ အရေးပါလျက်ရှိသည်။ ဧပြီ ၂ ရက်က ကျင်းပသည့်ပွဲစဉ်များတွင် မလေးရှားက ကမ္ဘောဒီးယားကို ခုနှစ်ဂိုး - ခြောက်ဂိုး၊ ထိုင်းက ဘရူနိုင်းကို ၁၃ ဂိုး - ဂိုးမရှိ၊ ဧပြီ ၃ ရက်က ကျင်းပသည့် ပွဲတွင် ထိုင်းက ကမ္ဘောဒီးယားကို ၁၆ ဂိုး - ဂိုးမရှိ၊ အင်ဒိုနီးရှားက ဘရူနိုင်းကို ၁၂ ဂိုး - ဂိုးမရှိတို့ဖြင့် အနိုင်ရထားသည်။

ဧပြီ ၄ ရက်စတင်မည့် အုပ်စု (ခ) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က “ကျွန်တော်တို့ အုပ်စုမှာ ဗီယက်နမ်၊ ဩစတြေးလျတို့လို အသင်းတွေပါဝင်တာကြောင့် ဒီအုပ်စုက ခက်ခဲမယ့် အုပ်စုပါ။ ကျွန်တော်တို့အတွက် ဗီယက်နမ်အသင်းက ဩစတြေးလျအသင်းထက် ကစားရတာ ပိုခက်ခဲပါလိမ့်မယ်” ဟု ပြောသည်။

ရဲရင့်လွင်