မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာတွင်  ငါးအထိအမိကောင်းပြီး ဈေးကောင်းရသည့်အတွက် ရန်ကုန်ဆိပ်ကမ်းကိုးခုတွင် ကုန်စည်စီးဆင်းမှုများဖြင့် စည်ကားလျက်ရှိ

 

ရန်ကုန်  နိုဝင်ဘာ ၁၆

 

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာတွင် ငါးအထိအမိကောင်း၍ ဈေးကွက်၌ ဈေးကောင်း ရရှိလျက်ရှိရာ ရန်ကုန်မြို့ရှိ ငါးဖမ်းစက်လှေများ ဆိုက်ကပ်ရာ ဆိပ်ကမ်းကိုးခု၌ ပင်လယ်ပြင်ရေထွက်ကုန် ပို့ဆောင်သော စက်လှေများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ပွင့်လင်းရာသီအစ နိုဝင်ဘာလတွင် ငါး/ပုစွန် အထိအမိကောင်းမှုကြောင့် ပြင်တွင်းစားသုံးမှုအပြင် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မှုဖြင့်  စက်သုံးဆီ ဈေးနှုန်းမတည်ငြိမ်မှုကို ကျော်လွှားနိုင်ပြီး ငါးဖမ်းစက်လှေ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ အအေးခန်း စက်ရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိသည်။

ငါးဖမ်းရာသီအစတွင် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်မှုနှင့်စပ်လျဉ်း၍ ပင်လယ်ငါးဖမ်း စက်လှေများအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက “ဒီကနေ့အထိ ပင်လယ်ပြင်ငါး/ ပုစွန် အထိအမိကောင်းပြီး ငါးဈေးကောင်းတဲ့အတွက် လုပ်နိုင်သေးတယ်။ ဒီလမှာ ပုစွန်လည်းရတယ်။ ငါး လည်းမဆိုးဘူး။ ပြည်တွင်းစားသုံးဖို့ရသလို ပြည်ပပို့ကုန်အတွက်လည်း အအေးခန်း စက်ရုံတွေကို ပို့နိုင်တယ်။ ငါးပိငါးခြောက်လည်း ရကြတယ်။ ဒီလနဲ့ ဒီဇင်ဘာလမှာ ငါးအထိအမိကောင်းပြီး ဇန်နဝါရီလမှာ အအထိအမိ လျော့သွားလိမ့်မယ်။ ရန်ကုန်ကစက်လှေတွေက ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ပင်လယ်ပြင်မှာ ဖမ်းဆီးတာများတယ်။ အားလုံးအခြေအနေကောင်းတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မှာဖမ်းဆီးတဲ့ စက်လှေတွေတော့ ငါးအထိအမိနည်းကြတယ်။ ပြည်ပပို့ကုန်ငါးတွေကို တစ်လတင်ဒါ ပေးထားတဲ့အတွက် ချိန်တွယ်ပြီး အအေးခန်း စက်ရုံတွေကိုပို့နိုင်ကြတယ်။ ပြည်တွင်းစားသုံးဖို့အတွက်လည်း လက်ကားဈေးဒိုင်တွေဖြန့်ပြီး ၂၀ ရာခိုင်နှုန်း ငါးပိငါးခြောက် ငါးတွေဟာလည်း လေလံလုပ်ပြီးသားဖြစ်တဲ့အတွက် ငါးပိငါးခြောက်လုပ်တဲ့ သူတွေလည်း အဆင်ပြေကြတယ်။  ငါး/ပုစွန် ဖမ်းဆီးတဲ့သူကတော့ ပုံမှန်ဖမ်းနေတဲ့အတွက် ပြည်တွင်းစားသုံးဖို့နဲ့ အိမ်နီးချင်းနိုင်ငံ တင်ပို့ဖို့ရနေမှာပါ။ မြန်မာ့ရေထွက်ကုန်ဟာ နိုင်ငံရဲ့ပုံရိပ်တစ်ခုအဖြစ် တည်တံ့ဖို့နဲ့ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ခိုင်မာတဲ့ဈေးကွက်ကို ရရှိထားဖို့တော့လိုတယ်”ဟု ပြောသည်။

 

mdn

 

ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀၀၀ ကျော်နှင့် ကမ်းနီး ငါးဖမ်းရေယာဉ် ၁၀၀၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကမ်းဝေးငါးဖမ်းရေယာဉ် ၇၀၀ ကျော် အပါအဝင် ငါးဖမ်းစက်လှေ ၂၅၀၀ ခန့် ပင်လယ်ပြင်သို့ ထွက်လျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ငါးတံခွန်နှင့် ငါးသင်ဝါကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး မြန်မာ့ပင်လယ်မှ ရေထွက်ကုန် ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ဝယ်ယူ၍ ပြည်တွင်းစားသုံးမှု ၁၀ ရာခိုင်နှုန်းနှင့် ငါး ခြောက်အတွက် ၂၀ ရာခိုင်နှုန်းကို ပင်လယ်ပြင်မှ ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်သို့  ယခုရာသီတွင် ရန်ကုန်နှင့်မြိတ်မှ ဝါးတန်းဖြင့် ငါးသလောက်သီးသန့် ဖမ်းဆီးသော စက်လှေများ ထွက်ခွာလျက်ရှိပြီး ဈေးကောင်းရရှိသော ငါးသလောက်ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကာ ကုန်ချောစည်သွပ် ဗူးပြုလုပ်၍လည်း တတိယနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။  ပင်လယ်ပြင်မှရရှိသော ငါး/ပုစွန်များကို ခိုင်မာသော ဈေးကွက်ရရှိပါက မြန်မာ့ရေထွက်ကုန်ကဏ္ဍ တစ်ခေတ်ဆန်းသစ်လာမည့် နေ့ရက်ကို ကမ်းဝေးငါးဖမ်းစက်လှေ လုပ်ငန်းရှင်များနှင့် အအေးခန်းစက်ရုံလုပ်ငန်းရှင်များ မျှော်လင့်ထားလျက်ရှိသည်။

 

နိုင်ငံတော်မှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဖော်ဆောင်လျက်ရှိပြီး ခိုင်မာသောဈေးကွက်ရရှိရန် ဖော်ဆောင်လျက်ရှိရာ ပြည်တွင်း ငါး/ပုစွန် မွေးမြူသော တောင်သူတို့အတွက် စီးပွားရေး အခွင့်အလမ်းကောင်းများစွာ စောင့်ကြိုလျက်ရှိသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ ( သတင်းစဉ် )