မြန်မာပြည်မြောက်ဖျားမှ ထရုံလူမျိုး

ထရုံလူမျိုးများသည် ရဝမ်လူမျိုးတို့၏ အမျိုးအနွယ်တစ်မျိုးဖြစ်သည်။ ထရုံလူမျိုးတို့သည် မူလထရုံမြစ်ဝှမ်းဒေသမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ကျော်ခန့်မှ ထရုံလူမျိုး လေးငါးဆက်ခန့်ကာလက စတင်ရောက်ရှိလာ ကြသည်ဟု ခန့်မှန်းကြသည်။ ရောက်ရှိလာသူ အားလုံးမှာ ထရုံမြစ်ဝှမ်း သာလာလခါး တောင်ကြားကိုဖြတ်ကျော်၍ သာလာဝမ် မြစ်ဝှမ်းအတိုင်း ဆင်းသက်လာကြပြီး အဒွန်းလောင်းခေါ် အဒွန်းမြစ်ဝှမ်းအောက် ပိုင်းတစ်လျှောက်တွင် နေထိုင်ခဲ့ကြသည်။ သာလာလခါးတောင်ကြားလမ်းမှာ မြန်မာပြည် နှင့် တရုတ်ပြည် ဆက်သွယ်ရာလမ်းကြောင်း ဖြစ်သည်။

 

ထရုံလူမျိုးဆင်းသက်လာပုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို ၁၉၅၆ ခုနှစ်က အသက် ၇ဝ အရွယ်ရှိ ထရုံခေါင်းဆောင်အဘိုး ဆက်လာကွမ်းက ပြောကြားခဲ့သည်မှာ ၄င်းတို့သည် နှစ်ပေါင်းမြောက်မြားစွာ သစ်ဥ၊ သစ်သီးများ ရှာဖွေစားသောက်ကာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့ကြရာမှ အိမ်နီးချင်းလူမျိုးကြီးဖြစ်သော တိဗက် ခေါ် လင်းဘူးတို့၏ နှိပ်စက်မှုကို အမျိုးမျိုးခံခဲ့ရကြောင်း၊ ကျွန်အဖြစ် ဖမ်းဆီးရောင်းချခြင်းခံရခြင်း၊ အမျိုးသမီးများအား သိမ်းပိုက်ခြင်း၊ စိတ်မထင်လျှင် သတ်ပစ်ခြင်းအထိ ပြုလုပ်လာသောကြောင့် ထရုံခေါင်းဆောင်များ တိုင်ပင်၍ တိဗက်ကို သွားရောက်တိုက်ခိုက်ကြကြောင်း၊ အရေးနိမ့်သောအခါ လင်းဘူးရန်မှလွတ်ကင်းအောင် ရှောင်ပြေးရာမှ မြန်မာပြည်မြောက်ဖျားတွင် နေထိုင်ကြကြောင်း ရှင်းပြသည်။

 

ထရုံတို့နေထိုင်ရာအရပ်များသည် ၁၂ လ ရာသီကာလပတ်လုံး ဆီးနှင်းရေခဲများပိတ်ဆို့ နေသည့် တရုတ်-မြန်မာ သဘာဝတံတိုင်းကြီးပေါ်မှ သာလာလခါးတောင်ကြားလမ်း ကျော်နိုင်ရန်မှာ လွယ်ကူလှသည်မဟုတ်ဘဲ အသည်းတယားယားနှင့် အန္တရာယ်အလွန် များလှသည်။ ထရုံတို့သည် မြန်မာပြည် မြောက်ဖျားတွင် နှစ်ပေါင်းများစွာ ကျောက်ဂူကြီးများ၊ တောနက်ကြီးများတွင် လှည့်လည်နေထိုင်ခဲ့ကြသည်။ သူစိမ်းတစ်ရံတို့ကို မသင်္ကာလွန်း၍လော၊ စိတ်နေစိတ်ထားအရ အားငယ်စိတ်များနေ၍လော အခြားလူမျိုးများနှင့် ရှေးကပင် ပေါင်းသင်းဆက်ဆံခြင်း လုံးဝမပြု လုပ်ကြချေ။ ၎င်းတို့အချင်းချင်းသာ ဆက်ဆံပြီး ၄င်းတို့အချင်းချင်းနှင့်သာ ပြန်လည် အိမ်ထောင်ပြုလေ့ရှိကြသည်။ ကြာသောအခါ အိမ်ထောင်စုလူဦးရေမှာ နည်းလွန်းသဖြင့် မောင်လယ်နှမလယ် ပြန်ယူကြခြင်းဖြစ်လာ သည်။ ယင်းစနစ်ကို နှစ်ပေါင်းများစွာကျင့်သုံး လာခြင်းကြောင့် အရပ်အမောင်းများ တဖြည်းဖြည်းပုလာခြင်း၊ စိတ်မနှံ့သကဲ့သို့ ဖြစ်လာခြင်းပေများလော မဆိုနိုင်ချေ။ ယိမ်းနွဲ့ပါးအဖွဲ့၏ စစ်ဆေးတွေ့ရှိမှုအရ အသက် ၅ဝ ခန့်ရှိ အမျိုးသား နမ်စွန်မှာ အရပ်လေးပေ ခုနစ်လက်မ၊ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသား ဖွေဇွန်မှာ အရပ်လေးပေ ၁ဝ လက်မ၊ အသက် ၅ဝ ခန့်ရှိ အမျိုးသမီး နမ်ဆေဘွန်မှာ အရပ်သုံးပေ ခုနစ်လက်မ ရှိသည်ကို တွေ့ခဲ့ရကြောင်း အစိုးရကို တင်ပြခဲ့သည်။

 

 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့တစ်ဖွဲ့သည် ထရုံလူမျိုးတို့ရှိရာအရပ်သို့ ရောက်ရှိခဲ့သည်။ ထိုဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့တွင် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာမြတူ ဦးဆောင်လျက် ဒေါက်တာကိုကို၊ ဒေါက်တာ အောင်သန်းဘတူ၊ ဒေါက်တာ ဖရန်စစ်၊ ဦးသန်းထွန်းအောင်လှိုင်နှင့် အခြားသုတေသန ပညာရှင်များ ပါဝင်ကြသည်။ မြန်မာ့တပ်မတော် နှင့် နယ်ခြားဒေသအုပ်ချုပ်ရေးအဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ၁၉၆၂ ခုနှစ် မတ်လ ကုန်မှ ဧပြီလ ၂၅ ရက်နေ့အထိ တစ်လကြာ ကွင်းဆင်းလေ့လာခဲ့ကြသည်။

 

ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့သည် ထရုံအမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃ဝ စုစုပေါင်း ၆၈ ဦးကို သိပ္ပံနည်းကျ စေ့စေ့စပ်စပ် လေ့လာသုတေသနပြုခဲ့ကြသည်။ ထရုံလူမျိုး ၆၈ ဦးအနက် ၄ဝ မှာ အရွယ်ရောက်သူများဖြစ်ပြီး ရှစ်ဦးမှာ ရူးသွပ်သကဲ့သို့ ဖြစ်နေ သည်ကို တွေ့ရသည်။ ထို့အပြင် ဂွိုက်တာခေါ် လည်ပင်းကြီးရောဂါ စွဲကပ်နေသူများမှာ အများစုဖြစ်နေသည်ကို တွေ့ရသည်။ ထရုံအမျိုးသားများ၏ အရပ်သည် ပျမ်းမျှ ၁၄၃ ဒသမ ၇ စင်တီမီတာရှိ၍ အနိမ့်ဆုံး ၁၃၁ စင်တီမီတာမှ အမြင့်ဆုံး ၁၅၉ စင်တီမီတာဖြစ်သည်။ အမျိုးသမီးများမှာ ၁၁၉ စင်တီမီတာနှင့် ၁၅၈ ဒသမ ၅ စင်တီမီတာကြားတွင်ရှိသဖြင့် ပျှမ်းမျှအရပ် ၁၃၉ ဒသမ ၉ စင်တီမီတာရှိသည်။ အာဖရိကတိုက်ရှိ ပစ်ဂမီလူပုများ၏ အရပ်မှာ ၁၃၇ စင်တီမီတာနှင့် ၁၄၅ စင်တီမီတာကြားတွင်ဖြစ်ပြီး အန်ဒမန်ကျွန်း၊ မလေး၊ နယူးဂီနီကျွန်း စသည့်ဒေသတို့မှ နီဂရစ်တိုလူပုလေးများမှာ ၁၄၄ စင်တီမီတာ နှင့် ၁၅၅ စင်တီမီတာကြားတွင်ရှိသဖြင့် မြန်မာပြည်ရှိ ထရုံလူမျိုးများနှင့် မကွာခြားကြောင်း ဖော်ပြထားပြီး အမျိုးသားများမှာ လေးပေခွဲရှိ၍ အမျိုးသမီးများမှာ လေးပေခန့် သာရှိသည်ကို တွေ့ခဲ့ရသည်။

 

ထရုံတို့၏ကျန်းမာရေး

 

ရှေးဦး တကာစွန်၊ အဖန်လောင်ဖုန် စသည့် ထရုံလူမျိုးများသည် သန်မာထွားကျိုင်းသော အရပ်အမောင်းရှိကြသည်ဟု ရှေးမီ နောက်မီ ထရုံလူကြီးများက ပြောကြသည်။ ၎င်းတို့နောက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နောက်မှ အရပ်ပုလာကြသည်ဟုဆိုသည်။ မူလမျိုးရင်းမှာ လူပုများ မဟုတ်ကြချေ။ အစောပိုင်းက မြစ်ဝှမ်းတွင်နေထိုင်ကြသော ထရုံတို့သည် အချို့အရပ်ပုပြီး အရပ်ရှည်ကြသူများလည်း ရှိသည်ဟုဆိုသည်။ မြန်မာပြည်မှ ထရုံများ အရပ်ပုကြသည်မှာ အာဟာရဓာတ် မပြည့်ဝမှုကြောင့်ဖြစ်နိုင်သည်ဟု ထင်မြင်ခဲ့ကြသည်။ အခြားတစ်ချက်မှာ နှစ်ကာလကြာသောအခါ သွေးတူခြင်းပေါင်းစပ်ခြင်းကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကျဆင်းကာ အရပ်ပုနိမ့် သွားခြင်းဖြစ်သည်ဟု ထင်ကြသည်။ ထို့အပြင် အသက်ငယ်စဉ် သေဆုံးသွားသူများနှင့် အသက်ရှည်သော်လည်း ဦးနှောက်ပျက်သူများ များပြားသည်ကို တွေ့ရှိခဲ့ရသည်။ ထရုံလူမျိုးတို့ နေထိုင်ရာ အရပ်ဒေသမှာ လူသူ အရောက်အပေါက်နည်းပြီး ဝေးလံခေါင်သီသောကြောင့် အစစအရာရာ ချို့တဲ့နိမ့်ကျခဲ့ရသည်။ အကျိုးဆက်အဖြစ် ကျန်းမာရေး ယိုယွင်း၍ ခန္ဓာကိုယ်ဖြစ်စဉ်များပါ ချို့တဲ့ခဲ့ပြီး နောက်ဆုံးအဆင့် လူမျိုးပါပျက်သုဉ်းသွားရသည့် အခြေအနေမှာ စိတ်မကောင်းဖွယ်ဖြစ်သည်။

 

ထရုံတို့၏ တစ်နေ့တာဘဝ

 

နေ့စဉ်ဝမ်းစာဖူလုံရေးအတွက် အနိုင်နိုင် လုပ်ကိုင်နေရသဖြင့် အားလပ်ချိန်ဟူ၍ မရှိခဲ့ချေ။ နံနက်မိုးလင်းသည်နှင့် အမျိုးသမီးများမှာ ဗိုင်းငင်ကြပြီး အမျိုးသားများမှာ တောင်ယာထဲနှင့် ဆေးဖက်ဝင်သစ်မြစ်၊ သစ်ဥရှာခြင်း၊ အမဲလိုက်ခြင်း ထွက်ကြရသည်။ နံနက်စာကို အချိန်သတ်မှတ်မရှိဘဲ ထမင်းချက်နိုင်သည့် အချိန်တွင် စောနိုင်သမျှစောအောင် စားရသည်။ စားသောက်ပြီးသည်နှင့် အိမ်ရှိလူကုန် တောတောင်ယာထဲသို့ သွားရောက်လုပ်ကိုင်ကြရသည်။ တောင်ယာစိုက်ပျိုးပြီးသောအခါ တောင်ယာတွင်ပင် ချက်ပြုတ်စားသောက်ကြပြီး တောင်ယာမရှိသောအခါတွင် နေ့လယ်စာကို သစ်ဥ၊ သစ်သီးများသာ စားသောက်၍ တင်းတိမ်ရသည်။ တောင်ယာတွင် တစ်နေ့လုံးနေကာ နေမဝင်မီအိမ်ပြန်ကြသည်။ အချို့မှာ မိုးချုပ်မှ အိမ်ပြန်ရသည်။ အိမ်ရောက်လျှင် ညစာအတွက် ချက်ပြုတ်ရသည်။ အမဲကောင် ရသောအခါတွင် မကျက်တကျက် မီးဖုတ်စားကြသည်။ ချက်ပြုတ်လျှင် အသားကိုလုံးပြီး ငရုတ်သီး၊ ဆားတို့နှင့်နယ်၍ ရေဖြင့်ချက်ပြုတ်ကြသည်။ ညစာစားပြီးသောအခါ မီးဖိုဘေးတွင် စကားစမြည်ပြောဆိုကြသည်။ အချို့မှာ ချက်ခြင်းပင် မောမောနှင့် အိပ်ပျော်သွားကြသည်။ တစ်အိမ်နှင့်တစ်အိမ် သွားရောက်လည်ပတ်မှုမရှိချေ။ တစ်နေ့တစ်နေ့ ဤသို့ဖြင့် ဘဝတစ်နေ့တာကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြရသော ထရုံတို့၏ဘဝမှာ သနားဖွယ်ပင် ဖြစ်သည်။ ယနေ့သော် ထူးဆန်းဖွယ်၊ သနားဖွယ် ထရုံတို့မှာ ပျောက်ကွယ်သွားလုနီး ဖြစ်နေပြီဟု ယူဆဖွယ်ဖြစ်သည်။     ။