ရန်ကုန် ဇူလိုင် ၂၅

 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။ 

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးထွန်းအုံနှင့် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင် အချက်အပြုတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စားဖွယ်စုံလင် ပြည်တစ်ခွင်” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ 

 

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကြီးသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစား အသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာ အစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှား ကျော်ကြားလာစေရန်နှင့် မြန်မာ့ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသော အနက်အဓိပ္ပာယ်ရှိလှသည့် ပြိုင်ပွဲနှင့်ပြပွဲကြီးဖြစ်ကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းကြောင်းအစဉ်အလာများကို ဖော်ပြရာတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် အနုပညာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုများအပြင် အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှု (Food Culture) သည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မိမိတို့နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည်နှင့်အညီ ဒေသအလိုက်၊ တိုင်းရင်းသားလူမျိုးစုများအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများ ရှိသကဲ့သို့ ထူးခြားပြီးအရသာရှိလှသည့် ရိုးရာအစားအစာများကို ပိုင်ဆိုင်ထားသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံအတွင်းမှာသာမက ကမ္ဘာကသိအောင်ဖော်ထုတ်ပြီး မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

ဒေသအလိုက် ရိုးရာအစားအသောက်များသည် ခရီးသွားများ၏ ခရီးစဉ်ရွေးချယ်မှုတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း၊ ယနေ့ကာလတွင် အစားအသောက်ကို အကြောင်းပြုပြီး သွားလာလည်ပတ်သည့် ခရီးသွားလုပ်ငန်း တစ်နည်းအားဖြင့် Gastronomy Tourism သည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် ခရီးသွားလုပ်ငန်းအမျိုးအစား တစ်ခုဖြစ်လာသည်ကို တွေ့ရကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အလျင်အမြန် တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများသည်လည်း မိမိတို့ နိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာအစားအစာများကို ထိရောက်စွာ ဖော်ထုတ်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့်ယှဉ်တွဲပြီး သိစေနိုင်မည့် အစားအစာများကို ဖော်ထုတ်မြှင့်တင် ဆောင်ရွက်ကြရန်လိုကြောင်း။  

 

မိမိတို့နိုင်ငံအနေဖြင့်လည်း ထင်ရှားကျော်ကြားသည့် မြန်မာ့ လက်ဖက်၊ ထမနဲ စသည့် ရိုးရာအစားအစာများကို ကမ္ဘာကသိရှိပြီး UNESCO က အသိအမှတ်ပြုခံရသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းသည် မိမိတို့ဒေသ၏ ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရာရောက်သကဲ့သို့ ဟိုတယ်များ၊ စားသောက်ဆိုင်လုပ်ငန်းများသာမက စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အတွက်လည်း တိုက်ရိုက်အကျိုး ကျေးဇူးရရှိစေနိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာလည်း ရောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် စနစ်တကျမြှင့်တင်ဆောင်ရွက်ကြရန်အတွက် ယခုကဲ့သို့ မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲကို စီစဉ်ကျင်းပရခြင်းလည်းဖြစ်ကြောင်း။ 

 

မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲများမှတစ်ဆင့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာ အဆင့်မီအရသာရှိရှိချက်ပြုတ်ပြီး သန့်သန့်ရှင်းရှင်း၊ ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံနိုင်ရန် ပြင်ဆင်တင်ဆက်မှုများ၊ စားဖိုမှူးများ၏ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် မြန်မာ့ရိုးရာအစားအစာများမှတစ်ဆင့် မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်အတွက် အထောက်အကူပြု ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုပြိုင်ပွဲနှင့်ပြပွဲ အစီအစဉ်ကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်၌ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာအဆင့်မီ ချက်ပြုတ်တည်ခင်းဧည့်ခံနိုင်ရန် ပြိုင်ပွဲပြုလုပ်ရုံသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်အစားအစာများ၊ ကော်ဖီ၊ လက်ဖက်စသည့် ထုတ်ကုန်များကိုပါ တစ်နေရာတည်းတွင် ဝယ်ယူ စားသောက်နိုင်အောင် စီစဉ်ထားသည်ကို တွေ့ရှိရကြောင်း၊ အခမ်းအနား တက်ရောက်လာကြသူများအနေဖြင့် မြန်မာ့ရိုးရာ အစားအစာများ၏ ထူးခြားသည့် အရသာ၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို သိရှိခံစားနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ရှေ့ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားအတွက် အထောက်အပံ့ကောင်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 

 

ယင်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အခမ်းအနားဖြစ်မြောက်အောင် Main Sponsor ၊ Gold Sponsor နှင့် Sliver Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က Supporting Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့ ကြသည့် လုပ်ငန်းရှင်များအား လည်းကောင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ 

 

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲယှဉ်ပြိုင်နေမှုရုပ်သံကို ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ပြခန်းများနှင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

 

ယင်းနောက် ဒုတိယသမ္မတက ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 

ယခုကျင်းပသည့် အခမ်းအနားသည် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခြင်း၊ ဒေသအသီးသီးမှ ရိုးရာအစားအစာများကို ပြသခြင်း၊ ရောင်းချခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်အောင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင် အဖွဲ့ ခုနစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပြခန်းပေါင်း ၁၂၀ ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်