မြန်မာ့ရိုးရာ အနုပညာ လက်ရာမြောက်ယွန်းပစ္စည်းများ အရည်အသွေးမြှင့်တင် လုပ်ဆောင်လာ  

မန္တလေး  ၁   ဒီဇင်ဘာ

 

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့်အမျှ မြန်မာတို့၏ လက်မှုအနုပညာထည်များစွာကို ရောင်းချလာရသည်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာသည်။ မြန်မာ့လက်မှုအနုပညာ ပစ္စည်းများတွင် လက်ရာမြောက် ယွန်းအနုပညာပစ္စည်းများကို ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်တစား ဝယ်ယူလေ့ရှိရာ ယွန်းလက်မှုပစ္စည်းများကို အဆင့်မြင့်တင်ပြုလုပ်လာကြောင်း သိရသည်။

 

အနုပညာမြောက်ယွန်းထည်များကို အများဆုံ့းပြုလုပ်သည်မှာ ပုဂံဒေသနှင့် ညောင်ဦးဒေသပင်ဖြစ်သည်။ မြန်မာ့ ယွန်းအနုပညာအထည်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ သမိုင်းဝင်နေရာများတွင် ခမ်းနားစွာပြင်ဆင် ထားရှိကာရောင်းချခြင်းနှင့်အတူ တန်ဖိုးမြင့် ယွန်းအနုပညာပစ္စည်းများကို လေယာဉ်ကွင်းနှင့်  မြို့ပြဒေသ အနုပညာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချကြသည်။ လုပ်ကိုင်ပုံနည်းစနစ်အရ ဈေးနှုန်းအမျိုးမျိုး ကွာခြားသွားပြီး တန်ဖိုးနည်း ယွန်းထည်များမှာ ငွေကျပ်သုံးထောင်ကျော်၊ အနုပညာလက်ရာမြောက် တန်ဖိုးမြင့်ယွန်းထည် တစ်ခုလျှင်ငွေကျပ်သုံးသောင်းကျော်မှ သိန်းနှစ် ဆယ်ကျော်အထိရှိကြောင်း သိရသည်။

 

မြန်မာ့လက်မှုယွန်းအနုပညာသည် ခေတ်ဆက်ဆက်ဖြတ်သန်းမှုများနှင့်အတူ နည်းစနစ်သစ်များပါ ပေါင်းစပ်ကာ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ရှေးခေတ်အခါက အနက်ထည် ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင် ကညစ်ယွန်းထိုး အဆင့်အထိ တိုးတက်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ယွန်းထည်ပစ္စည်းအမျိုးမျိုးကိုက ညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကိုဒီဇိုင်းအမျိုးမျိုး ပုံစံအထွေထွေဖြင့် စိတ်ဝင်စားအောင် ပြုလုပ်လာနိုင်ခဲ့သည်။

 

မြန်မာ့ယွန်းအနုပညာ အထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည် ကြောင်လိမ်ထည် ဆိုသောရက်လုပ်နည်းများဖြင့် ရက်လုပ်ကြသည်။ အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံး  ပန်းအိုး၊ စဉ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့်ပြုလုပ်ကြသည်။ ထမင်းချိုင့်၊ လင်ပန်း၊ ကလပ်၊ ကွမ်းအစ်၊ ဘိအစ် သစ်သီးခြင်း ယွန်းထည်များကိုရ က်ထည်နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ်အမျိုးမျိုး နှင့်အတူ လှပသောစီးကရက်ဘူးယွန်း ထည်းများကို ပုတ်ထည်နှင့် ကြောင်လိမ်ထည်တွဲစပ် လုပ်ကိုင်ရကြောင်း သိရပြီး တန်ဖိုးမြင့် လက်မှုအနုပညာမြောက်  ယွန်းထည်းပစ္စည်းများကို  အားထားပြုလုပ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

 

တိမ်တမန်