မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ၂၈ ဇူလိုင်

ရန်ကုန် ဇူလိုင် ၂၈ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး  နိုင်လင်းထွန်းစီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒေါပုံမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ပွဲစဉ် ၁၄ ပွဲ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ ငါးချီစိန်ခေါ်ပွဲများတွင် ပြိုင်ပွဲများအတွေ့အကြုံများ ရှိကြသည့် ဆူးမိုက်(ခြင်္သေ့မင်း)နှင့် စောရေထူး(သတ္တိ)တို့ပွဲတွင် သူတင်ကိုယ်တင် ထိုးသတ်ခဲ့ကြသော်လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။ နောက်တစ်ပွဲဖြစ်သည့် ထွန်းမင်းလတ်နှင့် (ထွန်းထွန်းမင်း)နှင့် ရဲရင့်အောင် (YFC) တို့ ပြိုင်ပွဲမှာပထမအချီမှ တတိယအချီအထိ သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကြပြီး စတုတ္ထနှင့်ပဉ္စမအချီတွင် သက်လုံကုန်ကျ၍ တစ်ဦးနဲ့တစ်ဦး ထိုးကြသော်လည်း သရေကျကာ ပရိသတ်အကြိုက် ပွဲကောင်းများဖြစ်ခဲ့သည်။ လေးချီစိန်ခေါ်ပွဲ၌ ဇင်မိုးဟိန်း (RAY) က ရဲမာန်စိန် (ဇာတိမာန်) ကို ဘယ်ညာလက်သီး တွဲလုံးများကြောင့် ဒုတိယအချီတွင် ဇင်မိုးဟိန်းအနိုင်ရရှိခဲ့ပြီး စောသဲဦး(ကညောသွီ) နှင့် အောင်သူရ(ခြင်္သေ့မင်း)တို့ပွဲမှာ ပူးတွဲသရေကျခဲ့သည်။                      

ထို့ပြင် မျိုးဆက်သစ် သုံးချီစိန်ခေါ်ပွဲ ကိုးပွဲနှင့် အမျိုးသမီးသုံးချီအထူးပွဲမှာလည်း လက်ဝှေ့ပရိသတ်နှစ်သက် သဘောကျခဲ့သည့်ပြိုင်ပွဲများ ဖြစ်ခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး