မြန်မာ့ရိုးရာကြေး''ချူ''လုပ်ငန်း

မောင်သောင်း(မြို့ပြ)

 

လှည်းယဉ်


ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့လူ ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်။
နွားညီနောင်
စည်အောင်ပဖေကျောင်း
မယ်နှင့်မောင် အတူနေရမှ
ဆူဝေအောင်''ချူ''တွေဆွဲလို့ရယ်
လှည်းယဉ်နဲ့မောင်း။

(အမည်မသိစာဆို)

ဒီကဗျာလေးကို လူတိုင်းသိကြမှာပါ။ ဒီကဗျာမှာပါသော ခလောက်၊ ချူ တို့သည် နွား၊ မြင်း၊ ဆိတ် တို့အတွက် အမှတ်အသား (သို့မဟုတ်) အဆင်တန်ဆာဖြစ်သည်။ ခလောက်နှင့် ချူသည် ပုံသဏ္ဌာန်ခြားနားသလို အသံလည်းမတူညီပါ။

''ချူ''သည် အကြမ်းအားဖြင့် စက်ဝိုင်းလုံးပုံသဏ္ဌာန် ရှိသည်။ အပေါ်ပိုင်းတွင် ချိတ်ဆွဲရန် ကွင်းပါရှိ၍ အောက်ပိုင်းတွင် အသံထွက်စေရန်စက်ဝိုင်းခြမ်းပုံ အပေါက်ဖောက်ထားသည်။ အသံမြည်စေရန် အတွင်းမှာ အဆန်ထည့်ထားသည်။

ပုံသဏ္ဌာန်ကိုကြည့်၍ ''ချူလုံး''ဟူ၍လည်း ခေါ်ကြသည်။ မည်သံကိုစွဲ၍ တချို့ဒေသများတွင် ''ချူဂလုံ''ဟုလည်းခေါ်ကြသည်။ အကြီး၊ အလတ်၊ အသေး ဟူ၍ သုံးမျိုးရှိပါသည်။ တစ်ခုနှင့်တစ်ခု အသံများ မတူညီပါ။ အကြီးသည် အသံလေးပြီး အသေးသည် အသံလွင်သည်။

''ချူ''အကြီးသည် သာမန်အချိန်မှာ ခိုင်းနွားများတွင် တပ်သည်။ ''ချူ''အလတ်၊ အသေးကို နွားပြိုင်ပွဲ၊ မြင်းပြိုင်ပွဲ၊ မြင်းအလှ၊ နွားအလှ ပြိုင်ပွဲတို့တွင် သုံးပါသည်။

«ရွှေဘိုမြင်းရယ်လေ''ချူ''သံခွာသံပြင်းတယ်လေး»ဆိုသည့်အတိုင်း မြင်းခွာသံ နှင့်အတူ ''ချူ''သံ လွင်လွင်မှာ သာယာနာပျော်ဖွယ်ရှိပါသည်။ လှည်းယဉ်တွင် ''က''သော နွားများမှာလည်း''ချူ''သံများ နားဝင်ပီယံဖြစ်စေရန် ''ချူ''လုံးအသေး များစွာ တပ်ဆင်ထားလေ့ရှိပါသည်။ မြန်မာ့ဓလေ့ထုံးစံအလှူပွဲများတွင် '' ရှင် လောင်း'' တင်မြင်းနှင့်''နားသ''တင်လှည်းယဉ်မှနွားကို ''ချူ''အသေးများစွာ တပ်ဆင်ထားပြီး လှုပ်ရှားမှုနှင့်အတူ''ချူ''သံလွင်လွင်ကို နားဆင်ရပါသည်။

မြန်မာ့ရိုးရာ ကြေး''ချူ''လုပ်ငန်းလုပ်ကိုင်သော မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် မင်းလမ်း(မြောက်)ရွာသို့ သွားရောက်လေ့လာခဲ့ပါသည်။ မင်းလမ်းရွာသည် မြန်မာ့လက်မှု လုပ်ငန်းဖြစ်သည့် ''ဓား'' လုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ကြေးချူ၊ ကြေးဇွန်း စသည့် လက်မှုလုပ်ငန်းများလည်း လုပ်ကိုင်ပါသည်။ ကြေး''ချူ''လုပ်ငန်းလုပ်ကိုင်သော မင်းလမ်း (မြောက်)ရွာရှိ ဦးအေးမောင် သားများ- ကိုတင်မင်းသက်၊ ကိုတင်မျိုးမင်း၊ ကိုတင်မင်းသူတို့၏ မိသားစုလုပ်ငန်းကို သွားရောက် လေ့လာခဲ့ပါသည်။

မိသားစုလုပ်ငန်းသာဖြစ်ပြီး ထွက်ရှိသမျှအားလုံးကိုလည်း ဖောက်သည်ပေးပါသည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ဖြန့်ချိပါသည်။ ဖောက်သည်ဈေး အကြီးတစ်ခုလျှင် ငွေကျပ် ၁၀ဝဝ၊ အလတ်တစ်ခုလျှင် ငွေကျပ် ၃၇၀၊ အသေးတစ်ခုလျှင် ငွေကျပ် ၃၂၀ ဈေးရှိပါသည်။

ကြေး''ချူ''တစ်ခုပြုလုပ်ရန် ပထမဦးစွာ ပုံစံပြုလုပ်ရပါသည်။ အခြေခံအတွင်း သားအတွက် ရွှံ့စေးနှင့် မီးသွေးမှုန့်ရောပြီး လောက်စာလုံးပုံစံပြုလုပ်ရပါသည်။ ယင်းအထဲတွင် ငါးပဲလုံးကို ဖြတ်ပြီး အဆန်အဖြစ် ထည့်ရပါသည်။ မီးသွေးမှုန့်မရောလျှင် ရွှံ့စေးများမာခဲသွားပြီး ပြန်ထုတ်၍မရပါ။ မီးသွေးမှုန့်ရောမှ သာလျှင် မီးအပူပေး လိုက်သည့်အခါ ရွှံ့စေးလောက်စာလုံးကို အမှုန့်အဖြစ် အသာခေါက်ပြီးထုတ်နိုင်ပါသည်။

ရွှံ့စေးလောက်စာလုံးခြောက်လျှင် ကတ္တရာစေးနှင့် ဖယောင်းရောကျိုပြီး နန်းဆွဲထားသော အမျှင်အချောင်းဖြင့် ပတ်၍ပုံဖော်ရသည်။ လိုအပ်သလိုပုံဖော်၍ ရပါသည်။ ကြိုးလိမ်၊ လိုင်းအထူ၊ အပါး စသည်ဖြင့်ပုံဖော်နိုင်ပါသည်။ ယင်းပုံစံပေါ်တွင် အပေါက်အတွက် ဓားဖြင့်ပြန်ခွဲထုတ်ရပါသည်။ ထို့နောက် ယင်းပုံစံကို အပြင်မှ ရွှံ့စေးဖြင့်မံရပါသည်။ ယင်းရွှံ့စေးတွင် စပါးခွံ ရောထည့်နယ်ပေးရပါသည်။ စပါးခွံမပါ လျှင် ရွှံ့စေးခြောက်သည့်အခါ အက်ကြောင်းများဖြစ်တတ်ပြီး ကြေးလောင်းသည့်အခါ အဆင်မပြေဖြစ်တတ်သည်။

ပုံစံတစ်ခုကို လေးလုံးတစ်တွဲ ရွှံ့စေးဖြင့်မံ၍ ပြန်တွဲရပါသည်။ တွဲပြီးပုံစံများကို နှစ်ရက်ခန့် အခြောက်ခံထားပေးရသည်။ လိုအပ်လျှင် နေပြပေးရသည်။

ပုံစံများပြုလုပ်ထားပြီး တစ်ခါလောင်းလျှင် ပုံစံ ၈၀ ခန့် လောင်းပါသည်။ ''ချူ''လုံးရေ ၃၀ဝကျော် ရပါသည်။ တစ်နေ့ ၉၀ဝ ခန့် ထုတ်လုပ်ပါသည်။ ရာသီဥတု ကောင်းပါက ၁၂၀ဝ ခန့် ထုတ်လုပ်ပါသည်။

ပုံလောင်းရန် ကြေးဝါကို''လုံ''မှာထည့်၍ အရည်ကျိုရသည်။ ကြေးအရည်ပျော်ရန် ၁ နာရီခန့် ကျိုရသည်။ ယခင်က ဖားဖို၊ ဇော်ဂျီလက်ထိုးဖိုများနှင့် ကျိုခဲ့ကြပြီး ယခုအခါတွင် လျှပ်စစ်သုံး လေမှုတ်စက်များအသုံးပြုသဖြင့် လူသက်သာပြီး လုပ်ငန်းတွင်ကျယ်ပါသည်။ ''ချူ'' အသံ ကောင်းစေရန်အတွက် ကြေးဝါကို ဇင့်ရော ပေးရသည်ဟု သိရသည်။ ကြေးအမျိုးအစားကိုကြည့်ပြီး ဇင့်ဘယ်လောက် ရောရမည် ကို သိသည်ဟုဆိုပါသည်။ အကြမ်းဖျင်း ကြေး ၁ ပိဿာလျှင် ဇင့် ၉ ကျပ်သား၊ ၁၀ ကျပ်သား စသည်ဖြင့် ရောပေးရသည်ဟုဆိုပါသည်။

ကြေးအရည်ကျိုသည်နှင့်တစ်ပြိုင်နက် ပုံစံရွှံ့တုံးများကိုလည်း မီးအပူပေးကာ အတွင်းမှကတ္တရာစေး၊ ဖယောင်းအရောကို ဖျော်ထုတ်ရသည်။ ထိုအရောသည် မီးလောင်သွားပြီး ပုံစံအတွင်းတွင် ကြေးလောင်းမည့်ပုံ ကျန်နေပါသည်။ တစ်ဦးက ထိုပုံစံကို မီးဖိုထဲမှဆယ်၍ တစ်ဦးက ကြေးရည်ကို ခပ်ကာ လောင်းထည့်ရပါသည်။ နှစ်ဦးသား ဟန်ချက်ညီညီလုပ်ရသည်။

ကြေးရည်လောင်းပြီးနောက် အအေးခံထားရပါသည်။ အေးသွားမှ ဘေးသားရွှံ့ များကို ခွာထုတ်လိုက်လျှင် လေးလုံးတွဲ ''ချူ''များရရှိသည်။ အတွင်းမှ ရွှံ့မှုန့်များကို လည်း ခေါက်၍ ဖယ်ထုတ်ရသည်။ လေးလုံးတွဲမှ တစ်ခုချင်းဖြတ်ယူရပါသည်။ ပုံစံအတွင်း ကြေးရည်အပြည့်ဝင်မှသာ လုံးချောရပါသည်။ ကြေးရည်မပြည့်(သို့မဟုတ်)လေခိုနေလျှင် စံချိန်မမီပါ။

ယခုအခါ မင်းလမ်း(မြောက်)ရွာတွင် ကြေး''ချူ''လုပ်ငန်း လုပ်ကိုင်သူ မိသားစု တစ်စုသာ ရှိပါသည်။ လုပ်ကိုင်ရသည်မှာ လက်ဝင်ပြီးအနုစိတ်လှပါသည်။ မိသားစု လုပ်ငန်းအဖြစ်သာ လုပ်ကိုင်ကြပါသည်။ အလုပ်သမားများနှင့် လုပ်ကိုင်လျှင်လည်း ရေရှည်မလုပ်ကြပါ။ အညောင်းထိုင်ရခြင်း၊ မီးပူခြင်း၊ အနုစိတ် လုပ်ကိုင်ရခြင်းတို့ကြောင့်ဖြစ်ပါသည်။ တောင်သူတို့၏ နွား၊ မြင်းများရှိနေသရွေ့ကာလပတ်လုံး ''ချူ''အသုံးမှာလည်း ရှိနေပါမည်။ မြန်မာ့ရိုးရာအလှူပွဲများတွင်လည်း အသံလွင်လွင်နှင့် ''ချူ''သံများလည်း ကြားနေရပါဦးမည်။ ။