မြန်မာ့ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင် ONE Friday Fight တွင် ထိုးသတ်မည်

ရန်ကုန် ဇွန် ၄

မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးသစ်ဝင်းလှိုင်သည် ONE Championship အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် ONE Friday Fight မွေထိုင်းပြိုင်ပွဲတွင် ဝင်ရောက်ထိုးသတ်မည်ဖြစ်သည်။

ဇွန် ၇ ရက်တွင်  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ ကျင်းပမည့် ONE Friday Fights-66 ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင် ပွဲစဉ်ပါဝင်လာခြင်းဖြစ်ပြီး ထိုင်းမွေထိုင်းဖိုက်တာ ခွန်ဆော့နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ သွေးသစ်ဝင်းလှိုင်သည် ယခုနောက်ပိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူကာ နာမည်ကောင်းရယူထားသူဖြစ်ပြီး ONE Championship နှင့် ပထမဆုံးလက်တွဲ ခြင်းဖြစ်သည်။ ONE Friday Fights-66 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး သွေးသစ်ဝင်းလှိုင်နှင့် ခွန်ဆော့ပွဲကို ပွဲစဉ် (၅) အဖြစ် ကျင်းပမည်ဖြစ်သည်။

သောကြာနေ့များတွင် ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် မြန်မာဖိုက်တာအချို့ သွားရောက် ထိုးသတ်လျက်ရှိပြီး ယခုနောက်ပိုင်းတွင် နာမည်ကြီး မြန်မာရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သည့် စိုးလင်းဦး သွားရောက်ထိုးသတ်ကာ ရလဒ်ကောင်းများရယူနေသကဲ့သို့ နာမည်ကျော်မြန်မာ့ရိုးရာ လက်ဝှေ့သမား တစ်ဦးဖြစ်သည့် သွေးသစ်ဝင်းလှိုင်မှာလည်း ပထမဆုံး ထိုးသတ်မည်ဖြစ်သည်။

 

သတင်း - ကိုညီလေး

ဓာတ်ပုံ - ONE Championship