မြန်မာ့ရုပ်ရှင်အတွက် လူငယ်နှင့်လူကြီးများ ပူးပေါင်းလုပ်ဆောင်ရမည်ဟု ဒါရိုက်တာ ဏကြီး ပြောကြား

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရုင် နှစ် ၁၀ဝ ပြည့်ပွဲအတွက် ပထမအကြိမ်အကြံ ဉာဏ်ရယူခြင်းပွဲတွင် လူငယ်ဒါရိုက်တာတစ်ဦးဖြစ်သော ဒါရိုက်တာ ဏကြီးက မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်အပြီး ၂၀၂၀ ခုနှစ်အလွန်တွင် မြန်မာ့ရုပ်ရှင်လောက ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး လူငယ်နှင့် လူကြီးများ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

''ကျွန်တော်ဆွေးနွေးတဲ့ အကြောင်းကတော့ မြန်မာရုပ်ရှင် နှစ် ၁၀ဝ ပြည့်ပွဲတော်မှာ လုပ်သင့်တာတွေက မြန်မာ့ရုပ်ရှင်သမိုင်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်သင့်ပါတယ်၊ မြန်မာ့ရုပ်ရှင်က ဘယ်လိုစတင်ဖြစ်ပေါ်လာတာလဲ၊ ဘယ်လိုရုပ်ရှင်တွေက မြန်မာ ရုပ်ရှင်ကို သမိုင်းတွင်စေခဲ့တာလဲဆိုတာတွေကို ပရိသတ်တွေရော၊ အခုခေတ် လူငယ်တွေကိုရော သိစေချင်ပါတယ်၊ မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ပွဲမှာ မြန်မာ့ရုပ်ရှင်အကြောင်းတွေရယ်၊ အရင်က ကောင်းခဲ့တဲ့ ရုပ်ရှင်တွေရယ်ကို ပြန်ပြီးပြသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့က အများကြီးတော့ ပြောလို့မကောင်းပါဘူး၊ ကျွန်တော်တို့က လူငယ်ဆိုပြီး သတ်မှတ်ခြင်းခံရတယ်။ အခုအချိန်မှာ ကျွန်တော်တို့လူငယ်တွေ နေရာမရ ဘူးဆိုပြီးတော့ လူကြီးတချို့က ကျွန်တော်တို့ကို နေရာရစေချင်လို့ ပေးလုပ်ပါဆိုပြီး ပြောနေကြတာဖြစ်ပါတယ်၊

ကျွန်တော့်ရဲ့ အဓိကအမြင်အရတော့ အရာတစ်ခုကို တကယ်သိ တကယ်နားလည်တဲ့ သူကပဲ လုပ်သင့်တယ်လို့ ထင်ပါတယ်၊ သူ့နေရာနဲ့သူ ဖြစ်ပါတယ်။ အရာအားလုံးကို လူငယ်တွေကပဲ လုပ်သင့်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကံကောင်းပြီးတော့ နိုင်ငံခြားမှာ စာသင်ခဲ့ရတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ ပိုင်နိုင်တဲ့ အပိုင်းလေးတွေရှိတယ်၊ ကျွန်တော်တို့ပိုင်နိုင်တဲ့အပိုင်းကို ကျွန်တော်တို့ကိုပေးလုပ်၊ မြန်မာမှု နဲ့ပတ်သက်ပြီးတော့ တကယ်ကို နားလည်တဲ့ လူကြီးတွေရှိပါတယ်၊ ကျွန်တော်ဆိုလိုတာက လူငယ်တွေပဲ လုပ်နေမယ်ဆိုရင် ကျွန်တော်တို့က နည်းနည်း တစ်ဖက်စောင်းနင်းဖြစ်မယ်၊ ကိုယ်လုပ်ချင်တာကိုပဲ လုပ်မယ်၊ လူကြီးတွေဆိုရင်တော့ သူတို့ရဲ့ အတွေ့အကြုံ အတွေးအခေါ်နဲ့ မျှမျှတတ ဖြစ်သွားမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ လူကြီးလူငယ် မသတ်မှတ်ထားပါဘူး''ဟု ပြောသည်။

မြန်မာ့ရုပ်ရှင်အတွက် မျှော်လင့်ချက်နှင့်ပတ်သက်၍လည်း ဒါရိုက်တာ ဏကြီးက ''ရုပ်ရှင်ကို နိုင်ငံတကာသွားချင်တယ်ဆိုရင် ဇာတ်ကားတစ်ကားရိုက်မယ်ဆို ပါဝင်တဲ့သူတွေ အားလုံးကို သူနေရာနဲ့သူ သုံးရမယ်၊ ငွေလည်းရှိရမယ်။ ထိုက်သင့်တဲ့ သူကို ထိုက်သင့်သလောက် ပေးကိုပေးရမယ်လို့ မြင်ပါတယ်၊ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ကားတွေရိုက်ကူးတဲ့ အပိုင်းမှာ ပိုပြီးတော့ စနစ်တကျလုပ်လာနိုင်မယ်လို့ မြင်ပါတယ်''ဟု ပြောသည်။

ကိုလင်း