မြန်မာထွက်ကုန် ပဲစင်းငုံများ ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်သွက်လက်

မန္တလေး နိုဝင်ဘာ ၉

 

ယခုနှစ်တွင် မြန်မာထွက်ကုန် ပဲစင်းငုံများ ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

ယခုနှစ် ပဲစင်းငုံများသည် ရာသီဥတုကောင်းမွန်မှုကြောင့် အထွက်နှုန်းအသင့်အတင့်ကောင်းကာ အရောင်အသွေးနှင့် အလုံးအဖန်များ ကောင်းမွန်ခြင်းကြောင့် ဈေးကွက်အတွင်း၌ အရောင်းအဝယ်များ ကောင်းနေကြောင်း၊ ယခုလက်ရှိဈေးနှုန်းအနေဖြင့် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်များ ကောင်းလျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ 

 

“ပဲစင်းငုံကို မြန်မာလူမျိုးတွေက စားသုံးမှုနည်းပါတယ်။ အဓိက အန္ဒိယလူမျိုးတွေက မြန်မာပဲစင်းငုံကို ဓာတုကင်းစင်ပြီး အရသာမှာလည်း တမူထူးခြားတာကြောင့် ကြိုက်နှစ်သက်ပြီး ဝယ်ယူကြပါတယ်။ ထွက်ရှိတဲ့ ပဲစင်းငုံရာခိုင်နှုန်းပြည့်က ပြည်ပပို့ကုန်အနေနဲ့ နှစ်စဉ်တင်ပို့ရပါတယ်။ ဈေးကွက်ကလည်း အခိုင်အမာရရှိပြီးသားပါ။ ယခုနှစ်မှာ အန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံက လိုအပ်ချက်တွေ များနေတာကြောင့် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ပဲစင်းငုံက ပြည်ပပို့ကုန်အနေနဲ့ အန္ဒိယတင်မဟုတ်ပါဘူး။ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတို့ကလည်း နှစ်စဉ် ပုံမှန်ဝယ်ယူနေကြပါတယ်။ အဓိကဖောက်သည်ကတော့ အန္ဒိယနိုင်ငံဖြစ်တယ်။ ဒီပဲစင်းငုံက ဆောင်းသီးနှံအနေနဲ့ တစ်ရာသီသာ စိုက်ပျိုးကြပါတယ်။ ပဲစင်းငုံသီးနှံက နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးတဲ့ ပဲအမျိုးအစားထဲမှာ ပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစင်းငုံမှာ ပဲစင်းငုံအနီ၊ ပဲစင်းငုံအဖြူနှင့် ပဲစင်းငုံအကြားဟူ၍ အမျိုးအစားသုံးမျိုးရှိကြောင်း၊ မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပဲစင်းငုံများကို စိုက်ပျိုးကြကြောင်း၊ ယခုနောက်ပိုင်း တိုးချဲ့ စိုက်ပျိုးလာကြရာ ချင်း၊ ကယား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလာကြောင်း၊ ထိုကြောင့် ပြည်ပဈေးကွက် အခိုင်အမာရှိနေသည့်အတွက် ပဲစင်းငုံကို တောင်သူများအနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)