မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ

အောက်တိုဘာ ၁၁

မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နေသူများနှင့် ကြက်သွန်နီ ကုန်သည်များထံမှ သိရသည်။

"ကြက်သွန်နီဈေးက တစ်လအတွင်း တော်တော်လေးကို ကျသွားတာပါ။ ကုန်အဝင်များပြီး အရောင်းများတာနဲ့ ပြည်ပဝယ်လိုအား နည်းသွားတာတွေကြောင့် ကြက်သွန်ဈေးက မျှော်လင့်ထားသလို မဖြစ်တော့တာ။ စိုက်ပျိုးတောင်သူတွေကတော့ ဒီနှစ်ကြက်သွန်နီဈေး အတက်နဲ့ကြုံရပြီဆိုပြီး တအားကို ဝမ်းသာခဲ့ကြတယ်။ နောက်ဆုံးမှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၄၀၀၀ ဈေးလောက်အထိ ရောက်သွားဖို့ကို ခန့်မှန်းထားခဲ့ကြတယ်။ အခုတော့ အဲ့ဒီအထိ မရောက်နိုင်တော့ဘဲ နောက်ပြန်လှည့် ကျဆင်းသွားတာပါ။ အတက်ဈေးနဲ့ ကြုံသွားတဲ့လူတွေကတော့ ကံကောင်းသွားတာပေါ့"ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ကြက်သွန်စိုက်တောင်သူ ဦးမြင့်ဝင်းက ပြောသည်။

စက်တင်ဘာလ လဆန်းပိုင်းအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်ပေါက်ဈေးများအရ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၃၇၀၀ အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၈၀၀ အောက်သို့ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်သည်။

"ပြည်တွင်းကြက်သွန်နီဈေးတွေက အတက်၊ တရုတ်ဘက်က ကြက်သွန်နီတွေက ဈေးအနိမ့်နဲ့ ဝင်လာတာကြောင့်လည်း ပါတယ်။ အဲ့ဒါကြောင့် ကြက်သွန်နီဈေး ပြန်ကျလာတာလို့ ယူဆရပါတယ်။ မြန်မာကြက်သွန်ထက် အရွယ်အစား ပိုကြီးတဲ့ တရုတ်ကြက်သွန်ဟာ တစ်ပိဿာ ၂၈၀၀ ကျပ် ခန့်သာ ဈေးရှိပြီး မြန်မာကြက်သွန်ထက် ဈေးနှုန်းအရ သက်သာနေတယ်လေ"ဟု ကြက်သွန်ကုန်သည် ကိုထိန်လင်းဦးက ပြောသည်။

ကြက်သွန်နီဈေးအတက်အကျမှာ ပြည်ပဝယ်လိုအားနှင့် သက်ဆိုင်သလို၊ ပြည်ပမှ ဝင်ရောက်လာသည့် ကြက်သွန်နီ အဝင်နှင့်လည်း များစွာမူတည်နေသည်။ သီတင်းကျွတ်လပြည့် (အောက်တိုဘာ လဆန်းပိုင်းအတွင်း) ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်းလည်း ကုန်သည်တစ်ချို့က ခန့်မှန်းထားကြသည်။

နန်းထက်ထက်ချစ်