မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကျင်းပမည်

နေပြည်တော် ၅ ဇန်နဝါရီ

(၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ လာမည့် ဇန်နဝါရီလ ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သိရသည်။

မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ၂၀ဝ၀ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့် (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲတွင် အဆိုပြုချက် ငါးရပ်ကို အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

"ညီလာခံမှာ အဆိုပြုချက် ၅ ရပ်ကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဆိုပြုချက် ငါးရပ်ကတော့ မြန်မာ့ တိုင်းရင်းဆေးပညာရဲ့ သမားစဉ် ကုထုံးနည်းစနစ်တွေနဲ့ အစွမ်းထက် ဆေးဝါးတွေကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်ပြီးတော့ တိုင်းရင်းဆေးရုံတွေနဲ့ တိုင်းရင်းဆေးကုဌာနတွေမှာ လက်တွေ့အသုံးချနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းကို နိုင်ငံတကာအဆင့်အထိ မြှင့်တင်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပါတယ်"ဟု အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသရေး) ဦးမြင့်ဦးက ပြောကြားသည်။

အဆိုပါ ညီလာခံသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) အသင်းဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းဆေးဆရာ အသင်းဝင်များ၊ တိုင်းရင်းဆေးဆရာများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအသင်း (ယာယီ) အသင်းဝင်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် တိုင်းရင်းဆေး တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် တိုင်းရင်းဆေးဆရာများ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သိရသည်။

ရှင်မင်း