မြန်မာ့တိုင်းရင်းကြက်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်ပြီးစီး

နေပြည်တော်၊ ဇွန် ၁

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် မြန်မာ့တိုင်းရင်းကြက်မျိုးများ မေထုန်မဲ့သားစပ်ပြုလုပ်၍ မျိုးထိန်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးမြှင့်တင်ခြင်းများပြုလုပ်နိုင်ရန်၊ ပေါင်းစည်း လယ်ယာစနစ် ဖော်ဆောင်နိုင်ရန်၊ တပိုင်တနိုင်မွေးမြူရေးစနစ်မှ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ကူးပြောင်း နိုင်ရန် ရည်ရွယ်၍ တိုင်းရင်းကြက်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို မေ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ ဖွင့်လှစ်သည်။

 

အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးချုပ်၊ အရာထမ်း/အမှုထမ်း သင်တန်းသား/ သူ(၆)ဦးနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဉတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တိုင်းရင်းကြက်မွေးမြူ ထားသူများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၅)ဦး၊ စုစုပေါင်းသင်တန်းသား သင်တန်းသူ(၁၁)ဦး အောင်မြင်စွာတက်ရောက်ခဲ့ပြီးဖြစ်သည်။

 

သင်တန်းတက်ရောက်ပြီးစီးသော ဌာနဝန်ထမ်း သင်တန်းသား သင်တန်းသူများမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မွေး/ကုဝန်ထမ်းများကို ဆရာဖြစ်သင်တန်း ဆက်လက်ဖွင့်လှစ်ခြင်း၊ တိုင်းရင်းကြက် မွေးမြူထားသူများနှင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများမှ မိမိတို့ဒေသအတွင်း တိုင်းရင်းကြက် မေထုန်မဲ့သားစပ်ခြင်း နည်းပညာများအား ဆက်လက်ပြန့်ပွားအောင် ဟောပြောပွဲနှင့် လက်တွေ့ကွင်းဆင်း မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်(နေပြည်တော်)