မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ သတ်မှတ်ချက်များ သိစေလို

မာလာအောင် (ယဉ်ကျေးမှု)

မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မျက်စိ နှင့်မြင်တွေ့နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များရှိ သကဲ့သို့ မျက်စိနှင့် မမြင်တွေ့နိုင်ဘဲ လူသားတို့၏ နှလုံးသားထဲတွင် စွဲမြဲထင်ကျန်နေသည့် အတတ်ပညာ များ၊ ယုံကြည်ကိုးကွယ်မှုများ၊ ရိုးရာဓလေ့များနှင့် ထုံးတမ်းအစဉ်အလာများ စသည့်ယဉ်ကျေးမှု အမွေအနှစ် များ ရှိကြပါသည်။


ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ

ကမ္ဘာတစ်ဝန်းလုံးကစုစည်း၍ ဖွဲ့စည်းထားသော ယူနက်စကိုအဖွဲ့အစည်း (UNESCO-United Nations Educational, Scientific and Cultural Organization- ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း)ကယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက်လျက်ရှိရာ မျက်စိ နှင့် မြင်တွေ့နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage) ဟု သတ်မှတ်ပြီး မျက်စိနှင့် မမြင်နိုင်ဘဲ လူသားတို့၏ ရင်တွင်း နှလုံးသားတွင်း ထင်ကျန်မှတ်ယူ ၍ဆောင်ရွက်နေသည့် ယဉ်ကျေးမှုအမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဟု သတ်မှတ်ကြပါသည်။


ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး၌

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းခြင်းနှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းခြင်းဟူ၍ရှိရာ ယူနက်စကိုအဖွဲ့အစည်းမှ ကြေညာသည့် ပဋိညာဉ်စာချုပ် နှစ်ရပ် အပေါ်မူတည်၍ သတ်မှတ်ချက်များရှိကြောင်း တင်ပြလိုပါသည်။


ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရာ၌ ၁၉၇၂ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှု နှင့် သဘာဝအမွေအနှစ်များဆိုင်ရာ ပဋိညာဉ်စာချုပ်အရ တစ်ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ချက်များ/စံတန်ဖိုးများ (Outstanding Universal Value) အဖြစ် သတ်မှတ် ထားသော စံချိန်/စံညွှန်း ၁ မှ ၁၀ အထိ အချက် ၁၀ ချက် တို့ပါဝင်ပြီး အဆိုပါအချက်၌ အနည်းဆုံး နှစ်ချက်ဖြင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။
တစ်နည်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (Conservation of World Heritage properties) နှင့် ယဉ်ကျေးမှု သို့မဟုတ် သဘာဝအားစစ်မှန်မှုတို့ဖြင့် သက်သေပြရန် လိုအပ်ပါ သည်။
ထိုသို့ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များသည် မျက်စိ နှင့် မြင်တွေ့နိုင်သည့် ထုထည်အဖြစ်ရှိနေသော်လည်း လူသားတို့၏နှလုံးသားတွင် ထင်ကျန်နေသော အတတ် ပညာများ၊ ယုံကြည်မှုများစသည့် မျက်စိနှင့် မမြင်တွေ့နိုင် သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များသည် တဖြည်းဖြည်း ပျောက်ကွယ်လုနီးဖြစ်လာနေသည်ကို အမိမြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြပါ သည်။ သို့ဖြစ်ပါ၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ လေးစားတန်ဖိုး ထားတတ်စေရန်၊ အဖွဲ့အစည်းများ/ အုပ်စုများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကို လေးစားတန်ဖိုးထားရန်၊ ဒေသတွင်း/နိုင်ငံတော်နှင့် နိုင်ငံတကာတို့အတွင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အရေးပါမှုအား အသိပညာပေးမြှင့်တင်ရန်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ကူညီပေး ရန်ရည်ရွယ်၍ ယူနက်စကိုအဖွဲ့အစည်းသည် ပြင်သစ် နိုင်ငံ၊ ပါရီမြို့၌ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေး (32nd Session) တွင် ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ် စာချုပ် (2003-Convention for the Safeguarding of the Intangible Cultural Heritage) ကို ကြေညာ ခဲ့ပါသည်။

အဆိုပါ ပဋိညာဉ်စာချုပ်၌ အပိုဒ် ၄၀ ပါဝင်ပါသည်။ အပိုဒ် ၁ မှ ၃ အထိသည် အထွေထွေစည်းကမ်းချက်များကို ဖော်ပြထားပြီး အပိုဒ် ၄ မှ ၈ အထိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ၊ နိုင်ငံတကာ အစိုးရများကော်မတီဆိုင်ရာ ဆောင်ရွက် ချက်များ ပါဝင်ပါသည်။ အပိုဒ် ၁၁ မှ ၁၅ အထိတွင် နိုင်ငံ အသီးသီးမှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှု ဆောင်ရွက်ချက်များပါဝင်ပါသည်။ အပိုဒ် ၁၆ မှ ၁၈ အထိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ကောက်ယူမှုဆိုင်ရာ လုပ်ငန်းစဉ်များပါဝင်ပါသည်။ အပိုဒ် ၁၉ မှ ၂၈ အထိ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့မှု၊ အကူအညီတောင်းခံမှုနှင့် ရန်ပုံငွေဆိုင်ရာ အချက်အလက်များပါဝင်ပါသည်။ အပိုဒ် ၂၉ မှ ၃၀ အထိ အစီရင်ခံစာနှင့် ပတ်သက်သော လုပ်ငန်းစဉ်များပါဝင်ပါ သည်။ အပိုဒ် ၃၂ မှ ၃၄ အထိ အတည်ပြုချက်တို့ပါဝင်၍ အပိုဒ် ၃၅ မှ ၄၀ အထိ၌ နောက်ဆုံးအချက်များဟူ၍ လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။

ပဋိညာဉ်စာချုပ်အရ အဆောတလျင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (List of Intangible Cultural Heritage in Need of Urgent Safeguarding)၊ လူသားတို့၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်း (Represen- tative List of the Intangible Cultural Heritage of Humanity) နှင့် စာချုပ်၏ရည်ရွယ်ချက်များနှင့် စည်းမျဉ်း စည်းကမ်းများကို အကောင်းဆုံးထင်ဟပ်စေသည့် လုပ်ငန်း များ၊ စီမံကိန်းများနှင့် အစီအမံများစာရင်း (List of Programmes, Projects and Activities Best Reflecting The Principles and Objectives of the Convention) ဟူ၍ စာရင်းတင်သွင်းမှု သုံးရပ်ရှိပါသည်။


အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသော ဒြပ်မဲ့ယဉ်ကျေးမှု

အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် နေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရာ တွင် အောက်ပါစံနှုန်းသတ်မှတ်ချက် ‌ခြောက်ချက် (U. 1 to U.6) ရှိပါသည်-


U.1 ယဉ်ကျေးမှုအမွေအနှစ်သည် ပဋိညာဉ်စာချုပ် အပိုဒ် ၂ တွင် သတ်မှတ်ထားသည့်အတိုင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ကြောင်း ပြသရန်၊


U.2 အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေမှုကို ဖော်ပြရန်၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး အသိုက်အဝန်းများ သို့မဟုတ် သက်ဆိုင်ရာ အကျုံးဝင်သော လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ များက ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက်လင့်ကစား ယဉ်ကျေးမှုအမွေအနှစ်ဆက်လက်တည်တံ့ရေး အန္တရာယ်ကျရောက်နေခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် အဆောတလျင် လိုအပ်လျက်ရှိကြောင်းကို နိုင်ငံများအနေဖြင့် ဖော်ပြရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်၍ လက်ဆင့်ကမ်းပြန့်ပွားနိုင်ရေးနှင့် ကျင့်သုံးနိုင်ရေးတို့အတွက် ခြိမ်းခြောက် အန္တရာယ်ပြုနေသောအချက်များကို ထုတ်ဖော် လျက်ဖော်ပြရန်နှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှု များ၏ ပြင်းထန်မှုနှင့် လက်ရှိကြုံတွေ့ရမှုတို့ကို ဖော်ပြရန်၊


U.3 ထိန်းသိမ်းစောင့်ရှောက်မှု အစီအမံများကို ဖော်ပြရန်၊ သက်ဆိုင်ရာအသိုက်အဝန်း/အုပ်စု သို့မဟုတ် အကျုံးဝင်ပါသော လူပုဂ္ဂိုလ်များ အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကျင့်သုံးမှုနှင့်လက်ဆင့်ကမ်းပြန့်ပွားစေမှုကို လုပ်ဆောင် နိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံ များ အသေးစိတ် ဖော်ထုတ်ထားကြောင်း နိုင်ငံများအနေဖြင့် ဖော်ပြရန်၊ ယဉ်ကျေးမှု အမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် မိမိနိုင်ငံ၏ ဒြပ်မဲ့အမွေအနှစ် အမည် စာရင်းတွင် ရေးသွင်းထားရန်၊


U.4 နိုင်ငံများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ အသိုက်အဝန်း၊ အုပ်စု သို့မဟုတ် အကျုံးဝင် သော လူပုဂ္ဂိုလ်များသည် ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းခြင်းကို လွတ်လပ်စွာကြိုတင်၍ သဘောတူညီမှုရှိပြီး အကျယ်ပြန့်ဆုံးပါဝင်ဆောင်ရွက်ကြောင်းဖော်ပြရန်၊


U.5 ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ယဉ်ကျေး မှု အမွေအနှစ်သည် အမည်စာရင်းတင်သွင်းသောနိုင်ငံ(များ)၏ ပိုင်နက်နယ်မြေ(များ)တွင် တည်ရှိကြောင်း နိုင်ငံများအနေဖြင့် ထင်ရှား စွာ ဖော်ပြရန်၊


U.6 အဆောတလျင်ထိန်းသိမ်းရမည့်ကိစ္စဖြစ်ခဲ့ ပါက ပဋိညာဉ်စာချုပ်အပိုဒ် ၁၇.၃ သတ်မှတ် ဖော်ပြထားသည့်အတိုင်း အမည်စာရင်း တင်သွင်းသောနိုင်ငံ (များ) ၏ ပိုင်နက်နယ်မြေ (များ)က ဆောင်ရွက်မည့် ရည်ရွယ်ချက်များကို အထွေထွေညီလာခံက အတည်ပြုပြီး ၎င်းတို့ ၏ အကြံပြုဆွေးနွေးချက်နှင့်အတူ ဆောင်ရွက် ရန်။
ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမှုတွင် စံနှုန်းသတ်မှတ်ချက် ၅ ချက် (R.1 to R.5) တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-


R.1 ယဉ်ကျေးမှုအမွေအနှစ်သည် ပဋိညာဉ်စာချုပ် အပိုဒ် ၂ တွင် သတ်မှတ်ထားသည့်အတိုင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း ပြသရန်၊


R.2 ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များသည် မြင်သာထင်သာရှိပြီး အရေးပါပုံကို သိမြင် နားလည်စေရန် ဆွေး‌နွေးခြင်းများ ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ကို စာရင်းတင်ခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်၏ မြင်သာထင်သာတည်ရှိနေမှုနှင့် အရေးပါပုံကို အများကသိမြင်နားလည်စေ ရန်၊ ဆွေး‌နွေးမှုများကို တွန်းအားပေးရန်၊ ကမ္ဘာတစ်ဝန်းမတူကွဲပြားသော ယဉ်ကျေးမှု ကို ထင်ဟပ်ပေါ်လွင်စေလျက် လူသားတို့၏ တီထွင် ဖန်တီးနိုင်စွမ်းကိုသက်သေပြရန်၊


R.3 နိုင်ငံ(များ)အနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ရေးနှင့် မြှင့်တင်ရေးတို့အတွက် ကာကွယ် ထိန်းသိမ်းစောင့် ရှောက်ရေးအစီအမံများကို လက်တွေ့ဆောင်ရွက်ရန်၊ ယဉ်ကျေးမှု အမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် မိမိနိုင်ငံ၏ ဒြပ်မဲ့အမွေအနှစ် အမည် စာရင်းတွင် ရေးသွင်းထားရန်၊
R.4 နိုင်ငံများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် ကို အမည်စာရင်း တင်သွင်းရာတွင် သက်ဆိုင်ရာ အသိုက်အဝန်း၊ အုပ်စု သို့မဟုတ် အကျုံးဝင်သော လူပုဂ္ဂိုလ်များ သည်ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းခြင်း ကို လွတ်လပ်စွာ ကြိုတင်၍ သဘောတူညီ မှုရှိပြီး အကျယ်ပြန့်ဆုံး ပါဝင်ဆောင်ရွက် ကြောင်း ဖော်ပြရန်၊


R.5 ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့ တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ယဉ်ကျေးမှုအမွေအနှစ်သည် အမည်စာရင်း တင်သွင်းသော နိုင်ငံ(များ)၏ ပိုင်နက် နယ်မြေ(များ)တွင်တည်ရှိကြောင်း နိုင်ငံများ အနေဖြင့် ထင်ရှားစွာ ဖော်ပြရန်။


စံနှုန်းသတ်မှတ်ချက်များ
စာချုပ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်း စည်းကမ်းများကို အကောင်းဆုံးထင်ဟပ်စေသည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို စာရင်း တင်သွင်းရာတွင် အောက်ပါစံနှုန်းသတ်မှတ်ချက် ၉ ချက် ( P . 1 to P . 9) ပါရှိသည်။
P.1 စာချုပ်၏ အပိုဒ် ၂-၃ တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၏ သွင်ပြင်လက္ခဏာ၊ မှတ်တမ်းမှတ်ရာ သုတေသန၊ ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ တိုးမြှင့်မှု၊ မြှင့်တင်မှု၊ ပူးပေါင်းဆောင်ရွက် မှုအပါအဝင် အထူးသဖြင့် ပညာရေးတို့မှ တစ်ဆင့် ယဉ်ကျေးမှုအမွေအနှစ်၏ လက္ခဏာသွင်ပြင်များ ပြန်လည်အသက်ဝင် စေခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း တို့ကိုအတွက် ဦးတည်လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံ များကို ဖော်ပြရန်၊


P.2 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင်ရာ အဆင့်၊ ဒေသခွဲဆိုင်ရာအဆင့်၊ နိုင်ငံတကာ ဆိုင်ရာအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၌ ရပ်ရွာ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက် ရေးနှင့် မြှင့်တင်ရေးတို့အတွက် ဆောင်ရွက် သည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို ဖော်ပြရန်၊


P.3 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင်ရာ အဆင့်၊ ဒေသခွဲဆိုင်ရာအဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများ၊ စီမံကိန်းများ နှင့် အစီအမံများသည် စာချုပ်၏စည်းမျဉ်းသတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များကို ထင်ဟပ်စေသည့် အကောင်းဆုံးလုပ်ဆောင် မှုများ ဖော်ပြရန်၊


P.4 ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရှင်သန်မှု နှင့် စပ်လျဉ်း၍ လုပ်ငန်းများ၊ စီမံကိန်းများ နှင့် အစီအမံများသည် အကျိုးသက်ရောက်မှု ရှိရန် နှင့် ပိုမိုရှင်သန်ခိုင်မာမှုဖြစ်စေရန်၊


P.5 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ ကို အကောင်အထည်ဖော်ဆောင်ရာတွင် ရပ်ရွာအသိုက်အဝန်း၊ အုပ်စု သို့မဟုတ် သက်ဆိုင်ရာပုဂ္ဂလိကတို့က လွတ်လပ်စွာ သဘောတူညီကြောင်းနှင့် ဦးစားပေးဆောင် ရွက်ကြကြောင်းကို ဖော်ပြရန်၊
P.6 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင် ရာအဆင့်၊ ဒေသခွဲဆိုင်ရာ သို့မဟုတ် နိုင်ငံတကာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းများ ဆောင်ရွက်ရန် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ ကို ဖော်ပြရန်၊

P-7 အဖွဲ့ဝင်နိုင်ငံ(များ) အကောင်အထည်ဖော် ဆောင်မည့်အဖွဲ့(များ)၊ အသိုက်အဝန်းများ၊ အုပ်စုများ သို့မဟုတ် သင့်တော်သည့် သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍများက အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများ ဖြန့်ဝေရာ၌ ရွေးချယ်ထားသည့်လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ၌ ပူးပေါင်း ဆောင်ရွက်လိုသည့်ဆန္ဒရှိကြောင်းသက်သေ နှင့်တကွ ဖော်ပြရန်၊

P.8 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ၏ အင်္ဂါရပ်များသည် ၎င်းတို့၏ ရလဒ်များနှင့် အကဲဖြတ်မှုတို့ကို လိုအပ်သည်ဆိုပါက ပြန်လည်ပြန်ဆင်ပေးရန်၊

P.9 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များနှင့် အဓိက သင့်လျော်မှုရှိစေရန်။ ပဋိညာဉ်စာချုပ်၏ အပိုဒ် ၂ သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရေး၌ အရေးပါသော စံနှုန်းတစ်ခုဖြစ်ပါသည်။ အပိုဒ်၂-၁ တွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ အဖွဲ့အစည်းများ၊ အုပ်စုများနှင့် အချို့ကိစ္စရပ်များတွင် တစ်ဦးချင်းစီအထိ ပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ထုံးတမ်း ဓလေ့များ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတများ၊ စွမ်းရည်များသာမက ဆက်နွှယ်နေသည့် ပစ္စည်းများ၊ အရာဝတ္ထုများ၊ ကိရိယာပစ္စည်းများကို ဆိုလိုခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖော်ဆောင်ထားပါသည်။
အဆိုပါ ပဋိညာဉ်စာချုပ်၏ အပိုဒ် ၂-၂ ၌ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမိုသိသာထင်ရှားစေရန် အောက်ဖော်ပြပါ နယ်ပယ်များကို သတ်မှတ်ပါသည်-


- ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ (ဥပမာ-ပုံပြင်၊ ဘာသာစကား၊ ကဗျာ)


- ဖျော်ဖြေတင်ဆက်မှု အနုပညာများ (ဥပမာ-ရိုးရာအက၊ တေးဂီတ)


- လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင် များ (ဥပမာ-၁၂ လ ရာသီပွဲတော်များ၊ ဘုရား ပွဲတော်များ)


- သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင် သည့် အသိပညာနှင့် ထုံးစံများ(ဥပမာ-ဗေဒင်၊ ဆေးကျမ်းများ၊ ပြက္ခဒိန်၊ သနပ်ခါးလိမ်းခြယ် ခြင်း)


- ရိုးရာလက်မှုပညာ (ဥပမာ- ပန်းပဲ၊ ပန်းထိမ် စသော ပန်း(၁၀)မျိုး၊ ရက်ကန်း)
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာတွင် ၎င်းနှင့်ဆက်စပ်နေသောအရာများကိုပါ ထိန်းသိမ်းရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ထားဝယ်မြို့ရှိ နဂါး လှေလှော်ပွဲအား ထိန်းသိမ်းရာတွင် လှေလှော်ပွဲကျင်းပ သည့် တနင်္သာရီမြစ်ကိုပါ ထိန်းသိမ်းရန် လိုအပ်ပါသည်။


သို့သော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ခြင်းသည် ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းရှိ လူသား တို့၏ စွမ်းဆောင်မှု၊ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ အလေ့အထ၊ လက်တွေ့ဆောင်ရွက်နိုင်မှုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တို့အား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း သာဖြစ်ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုတွင် ဆင့်ကဲပြောင်းလဲ လာမှုနှင့် အတူ အမြဲပြောင်းလဲလျက်ရှိသည့်အတွက် စစ်မှန်မှု (Authenticity) ကို အဓိကမထားခြင်းသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်ကို ရပ်ရွာရှိလူထုမှ လက်ခံပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခြင်းကိုသာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ပါသည်။ လက်ဆင့်ကမ်းရာ၌ သဘာဝအလျောက် လက်ဆင့်ကမ်းခြင်း (ဥပမာ-မြန်မာ့ သနပ်ခါးလိမ်းခြင်း)နှင့် သင်ကြားခြင်းဖြင့် လက်ဆင့် ကမ်းခြင်း (ဥပမာ-ငွေပန်းထိမ်အတတ်ပညာ) ဟူ၍ ရှိကြပါသည်။


ဘိုးဘွားတို့အမွေကို လက်ဆင့်ကမ်းထိန်းသိမ်း

ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် နိုင်ငံများ အစုအဖွဲ့တစ်ခုစီဖြင့် ပိုင်နက်နယ်မြေအတွင်း ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို သေချာစွာ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် အတိုင်းအတာအလျောက် ဆောင်ရွက်ထားခြင်းနှင့် နိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းကောက်ယူခြင်း သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းများ (Inventory) ဆောင်ရွက် ရမည်ဖြစ်ပါသည်။
ပဋိညာဉ်စာချုပ်အပိုဒ် ၁၇.၃ သည် အလွန်အမင်း အရေးပေါ်အခြေအနေ ကိစ္စရပ်များတွင် ကော်မတီက တင်သွင်းသော အဆိုပြုချက်ကို အထွေထွေညီလာခံက အတည်ပြုပြီး ရည်ရွယ်ချက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ အထွေထွေ ညီလာခံကော်မတီ၏ အကြံဉာဏ် များကို ထည့်သွင်းရေးသားဖော်ပြရန်ဟု ပါရှိပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် လက်တွေ့ဆောင်ရွက်နေ သော ရပ်ရွာ အသိုက်အဝန်းက အဓိကမဏ္ဍိုင်တစ်ခုဖြစ်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ဆောင်ရွက် ခြင်း၊ သတ်မှတ်ခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသာမက ယူနက်စကို (UNESCO) သို့ အဆိုပြု တင်သွင်းသည့်အချိန်အထိ ရပ်ရွာအသိုက်အဝန်းက ပါဝင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးတွင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ဆောင်ရွက်နေသော အသိုက် အဝန်းက ထောက်ခံမှသာ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်သကဲ့သို့ မျိုးဆက်တစ်ခုမှတစ်ခုသို့လက်ဆင့် ကမ်းဆောင်ရွက်နေမှသာ ရှင်သန်နေသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြပါသည်။
သို့ဖြစ်ပါ၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုကို လက်တွေ့ဆောင်ရွက်နေသော အသိုက်အဝန်းက မိမိတို့ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းခဲ့သော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို မြတ်မြတ်နိုးနိုးဖြင့် ဆက်လက် ထိန်းသိမ်း၍ နောင်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း ရှင်သန်စေသကဲ့သို့ အမိမြန်မာပြည်၏ မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်ခြင်း၊ စာရင်း ကောက်ယူခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း နှင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်း နိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း နှိုးဆော် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။